DVB Logo
Home
မြန်မာသတင်း
မဒေါက်မြို့နယ်တွင် ရေနုတ်မြောင်းပိတ်ပြီး လမ်းခင်းထားသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
May 27, 2019
မဒေါက်မြို့နယ်တွင် ရေနုတ်မြောင်းပိတ်ပြီး လမ်းခင်းထားသဖြင့် တောင်သူများ အခက်ကြုံ
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ ကျေးရွာချင်းဆက်လမ်း ခင်းရာမှာ ရေနုတ်မြောင်းကိုပိတ်ပြီး လမ်းခင်းထားတာကြောင့် လယ်ယာမြေတွေပျက်ဆီးပြီး မိုးစပါးစိုက်ပျိုးရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တောင်သူတွေကပြောပါတယ်။

၂၀၁၈ ခုနှစ်က သောင်ကြီးကျေးရွာနဲ့ ရေပေါ်သောင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းခင်ရာမှာ ရေနုတ်မြောင်းကိုပိတ်ပြီးခင်းသွားတာကြောင့် မနှစ်ကမိုးရာသီမှာ တောင်သူ  ၂၀၀ ကျော်စိုက်ပျိုးနေတဲ့ ဧက ၃၀၀၀ ကျော်ထဲက စပါးစိုက် ဧက ၅၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး သီးနှံပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ပိတ်ထားတဲ့ရေနုတ်မြောင်းကို ပြန်ဖော်ပေးဖို့တင်ပြထားခဲ့ပေမယ့် ပြန်ဖော်ပေးတာ မရှိတာကြောင့် ဒီနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ ရေလွှမ်းမိုးနစ်မြုပ်မှုဒဏ် ထပ်ခံရနိုင်တယ်လို့ တောင်သူ ဒေါ်ဝင်းကြည် ကပြောပါတယ်။

“မနှစ်က မိုးစရွာပြီဆိုတာနဲ့လယ်ထဲမှာ ရေတွေက ဒူးခေါင်းကျော်လာတယ်။ မဒေါက်မြို့ပေါ်က စီးလာသမျှရေအများစုဟာ ဒီကွင်းတွေထဲနဲ့ အင်းသုံးအင်းထဲကိုပဲ ဝင်တာ။ ဒီရေတွေ ပြန်ထွက်ဖို့ဆိုတာကလည်း ဒီရေနုတ်မြောင်းတခုပဲရှိတာ။ ရေနုတ်မြောင်းကို ပိတ်ထားတော့ရေကို အလျှော့အတင်းလုပ်လို့ မရဘူး။ မနှစ်က သီးနှံဆုံးရှုံးလို့ အကြွေးက မကျေသေးဘူး။ ဒီနှစ်လည်းမဖော်ပေးတော့ စပါးစိုက်ပျိုးဖို့တောင် မစိုက်ရဲဘူး ဖြစ်နေရတယ်”

အဆိုပါ ရေနုတ်မြောင်းဟာ မိရိုးဖလာရေနုတ်မြောင်းတခုဖြစ်ပြီ အရင်ထဲက ကျေးရွာ နှစ်ရွာကို သွားတဲ့လမ်းမှာ ၁၀ ပေကျော်အရှည်ရှိတဲ့တံတားနဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။

မနှစ်ကမှ တံတားကိုဖျက်ကာ မြေဖို့သွားတာဖြစ်ပြီး ဒီကိစ္စ ဖြေရှင်းပေးဖို့ ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပေမယ့် ခုချိန်အထိ ဖော်ဆောင်ပေးတာမရှိသေးဘူးလို့ တောင်သူ ဦးဖိုးရွှေကဆိုပါတယ်။

“ဝန်ကြီးချုပ်လာတုန်းက ဒီကိစ္စကိုတောင်သူတွေ တင်ပြကြတယ်။ ရေနုတ်မြောင်းကို ပြန်ဖော်ပေးဖို့ကို ဝန်ကြီးချုပ်က ဒါကိုညှိနှိုင်းပြီး လုပ်ဆောင်ပေးဖို့ ဌာနဆိုင်ရာတွေကို မှာကြား ခဲ့ပေမယ့် ခုချိန်ထိဆောင်ရွက်ပေးတာ မရှိဘူး။ ဒီနှစ်မှ မဖော်ပေးရင် အဘတို့လည်း လယ် မစိုက်ရဲတော့ဘူး။”

ကျေးရွာကို ရေတိုက်စားပြီး ကမ်းပါးပြိုမှာစိုးရိမ်တာကြောင့် ကျေးရွာက ရေနုတ်မြောင်း ပိတ်ပေးဖို့ တိုင်ကြားခဲ့လို့ မြို့နယ်က ပိတ်ထားခဲ့တာဖြစ်ပြီး ရေနုတ်မြောင်းကို ဖွင့်မယ်ဆိုပါရွာက လက်မခံတာကြောင့် ပိတ်ထားရတာဖြစ်တယ်လို့ ဆည်မြောင်းဦးစီး ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြို့နယ်ဆည်မြောင်းဦးစီး ဦးသန့်စင်အောင် က “အဲ့ရေနုတ်မြောင်းက အင်းကထွက်တဲ့ ရေနုတ်မြောင်းပါ။ အဲ့ရေနုတ်မြောင်းကို ဖွင့်လိုက်မယ်ဆိုရင် ရွာကိုတိုက်စားပြီး ကမ်းပါးပြိုမှာ ဆိုးတာကြောင့် ရွာကပိတ်ပေးဖို့ တိုင်ကြားလို့ မြို့နယ်က အဲ့နေရာမှာ နှစ်ချက်ပိတ်ခဲ့တာပါ။ အရင်ဆည်မြောင်းဦးစီး လက်ထက်ကဖြစ်တာပါ။ ခုတော့ တချက်ပဲ ကျန်တော့တယ်”လို့ ဆိုပါတယ်။

ရေနုတ်မြောင်းပိတ်ထားတာနဲ့ပတ်သက်ပြီး အထက်အဆင့်ဆင့်ကို တင်ပြထားပေမယ့် လာရောက်ဖြေရှင်းပေးတာမျိုး မရှိတာကြောင့် ဒေသခံတောင်သူ  ၂၀၀ ကျော်လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013