DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
November 12, 2012
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက် (အိပ်ခ်ျအာရ်ဒီပီ) က ဦးမြင့်အေးနဲ့ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ နိုဝင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_32928" align="alignleft" width="300" caption="သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်"][/caption]

ဒီရှင်းလင်းပွဲမှာ ဦးမြင့်အေးရဲ့ဇနီး ဒေါ်လဲ့လဲ့ဝင်းက သူ့ရဲ့ခင်ပွန်းသည် မတရားဖမ်းဆီးခံရတဲ့ကိစ္စတွေ၊ သူ့အမျိုးသားရဲ့ တရားရုံး ရင်မဆိုင်ရမီနဲ့ ရင်ဆိုင်ရပြီးချိန်  ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။

ဦးမြင့်အေးကို ဗုံးခွဲမှုနဲ့ပတ်သက်လို့ အရေးယူနိုင်အောင် အမှုတွဲတွေဖြစ်တဲ့ ကိုသန့်ဇော်မြင့်၊ ကိုမျိုးမင်း၊ ကိုညီညီသန်းတို့ကိုလည်း ညှဉ်းပန်းပြီး စစ်ချက်ယူခဲ့တယ်လို့ အိပ်ခ်ျအာရ်ဒီပီ ကိုမောင်မောင်လေးက ရှင်းပြပါတယ်။

“အထူးသဖြင့် ကိုသန့်ဇော်မြင့်နဲ့ ကိုမျိုးမင်းက ဦးမြင့်အေးနဲ့ အတူအဖမ်းခံရပြီးတော့ အမှုတွဲဖို့လုပ်တာကိုး။ ဦးမြင့်အေးက မင်းတို့ကို ပိုက်ဆံတွေပေးပြီး ဗုံးခွဲခိုင်းတယ်ကွာဆိုပြီး ဒါကို ဖြောင့်ချက်တောင်းတယ်၊ ဒါကိုပေါ်အောင် အဓိက စစ်ဆေးမေးမြန်းတယ်။ သူတို့က မဟုတ်တာကို မဟုတ်တဲ့အကြောင်း ရှင်းပြတယ်။ ဒါကိုလက်မခံဘဲ စစ်ကြောရေးကာလမှာ သူတို့ ဘယ်လောက်တောင် ပက်ပက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာကို သတင်းမီဒီယာတွေကို ဖွင့်ပြတယ်။”

ဦးမြင့်အေးရဲ့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေဦးခင်မောင်ရှိန်ကလည်း အမှုကို သူကိုယ်တိုင် လိုက်ပါဆောင်ရွက်တဲ့ ရုံးချိန်း ၅ ခုမှာ ဥပဒေရဲ့ကွာဟချက်တွေ၊ တရားစီရင်ရေးရဲ့ မမျှတမှုတွေ၊ ပစ္စည်းသက်သေ လူသက်သေလုံးဝမရှိဘဲနဲ့ စစ်ကြောရေးစခန်းကနေ နှိပ်စက်ညှဉ်းပန်းပြီးတော့ ရတဲ့ဖြောင့်ချက်တွေကို တရားရုံးမှာ တင်ပြီး ထောင်ချခဲ့တဲ့အတွက် ဥပဒေနဲ့ မညီကြောင်း ရှင်းလင်းသွားပါတယ်။

၇၅ ကျောင်းသားဟောင်း စိတ်တိုင်းကျ ဦးအောင်ထိုက်ကလည်း နာဂစ်မုန်တိုင်းသင့် ဘေးဒုက္ခသည်တွေအတွက် ဦမြင့်အေးကတဆင့် လှူတာကိုလည်း သက်ဆိုင်ရာက ဒီပိုက်ဆံတွေနဲ့ ဗုံးခွဲတယ်ဆိုပြီး ၃ ရက်ခန့် ထိန်းသိမ်းစစ်မေးခံရတာကို ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကြောင့် အများက  အသိအမှတ်ပြုနေချိန်မှာ ဦးမြင့်အေးတို့လို လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဆက်ချုပ်နှောင်ထားတာနဲ့ပတ်သက်လို့ မဖြစ်သင့်ဘူးလို့ ဦးမောင်မောင်လေးက ဝေဖန်ပြောဆိုပါတယ်။

“ဒီမိုကရေစီဖော်ဆောင်နေတဲ့ အစိုးရသစ် ပထမဆုံး လုပ်ရမယ့်အချက်က ဟိုဘက် အစိုးရလက်ထက်က ဥပဒေမဲ့လုပ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ချက်ချင်းအဖြေရှာပေးရမယ်။ ဦးမြင့်အေးအပါအ၀င် ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အရင်ဆုံးလုပ်ရမယ့် ခြေလှမ်း။ တဖက်မှာ ဒီမိုကရေစီဖော်ဆောင်တယ်ဆိုပြီး အာဏာရှင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒီအစိုးရက ဆက်လက် အမွေမခံဖို့ တိုက်တွန်းချင်တယ်။”

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ၅ ကြိမ်လောက် ရှိသွားပေမယ့် ဦးမြင့်အေး လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဦးမြင့်အေးဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရပ်ကွက်အေးချမ်းဖြိုးရုံးမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ်က ဖောက်ခွဲမှု ပုဒ်မ (၃/၆)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတို့နဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ ၈ နှစ်ချမှတ်ခံရပြီး လက်ရှိ လွိုင်ကော်ထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဦးမြင့်အေးနဲ့အတူ စွပ်စွဲအရေးယူခံရသူ အိပ်ခ်ျအာဒီပီအဖွဲ့ဝင် ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့လည်း လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
ရွှေပြည်သာ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲမှု ကျူးလွန်သူတွေ ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဦးမြင့်အေးဟာ ၂၀၀၁ ကစပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက် (အိပ်ခ်ျအာဒီပီ)ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး ပညာပေးမှုများကို မြန်မာပြည်အနှံ့ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013