DVB Logo
Home
Lead Story
လက်ကိုင်ဖုန်းကြောင့် အသက်မပျောက်ကြရလေအောင် (အယ်ဒီတာအာဘော်)
DVB
·
May 27, 2019
လက်ကိုင်ဖုန်းကြောင့် အသက်မပျောက်ကြရလေအောင် (အယ်ဒီတာအာဘော်)
Donate to DVB

မြန်မာနိုင်ငံ၏  ဖုန်းသိပ်သည်းဆ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည်။ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတနှစ်တာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အခန်းကဏ္ဍတွင် ဖော်ပြလာသည့် ကိန်းဂဏန်းဖြစ်သည်။

မနက်ခင်း ဈေးတွင် ကြက်သွန်ရောင်းသည့် ဈေးသည်က ဖုန်းထဲက ရုပ်သံဖိုင်တခုကြည့်ပြီး သဘောကျနေသည်။ ဈေးဝယ်လာသည်ကိုပင် သူ သတိမထားမိလောက်အောင် ဖုန်းထဲရှိ ရုပ်သံက ကြက်သွန်သည်ကို ဖမ်းစားထားသည်။

ဝိုင်ဘီအက်စ်ကားပေါ်က ကုမ္ပဏီဝန်ထမ်း၊ အရောင်းဝန်ထမ်းများသည်လည်း အလားတူ ကားပေါ်ထိုင်ရန် နေရာရသည်နှင့် လက်ကိုင်ဖုန်းထုတ်ပြီး ဖုန်းပွတ်တော့သည်။ ယနေ့ခေတ် မိသားစုစကားဝိုင်း မဖြစ်တော့ဘဲ ဖုန်းကိုယ်စီပွတ်ပြီး စကားသံတွေ တိတ်ဆိတ် ပျောက်ကွယ်နေသည်။

အချက်အလက်များအရ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွံ့ဖြိုးမှု အားကောင်းလာခဲ့သည်။ မြန်မာနိုင်ငံအတွင်း ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၅၁ ဒသမ ၄၈၆ သန်း ရှိလာသည့်အခါ တယ်လီဖုန်း သိပ်သည်းဆမှာ ၈၆ ဒသမ ၂၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

ယခု မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ဒသမ ၀၇၄ သန်းဟု ခန့်မှန်းတွက်ချက်ထားပြီး တယ်လီဖုန်း သိပ်သည်းဆသည် ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ပို့ဆောင်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ''အင်တာနက်သုံးစွဲသူ အနေနဲ့ ၂၀၁၆ ခုနှစ်မှာ ၅၅ ဒသမ ၄၁ ရာခိုင်နှုန်းကနေ ယခုအချိန်တွင် ၈၂ ဒသမ ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ လူဦးရေအရ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်တဲ့ အနေအထားမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ခဲ့ပါပြီ" ဟု မိုဘိုင်းကွန်ရက်အကြောင်း ရှင်းလင်းပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၀၀၀၀ ရှိခဲ့ပြီး ယခုအချိန်တွင် တာဝါတိုင် ၂၀၉၆၄ တိုင် တည်ဆောက်ပြီးဖြစ်သည်။ အင်တာနက် Bandwidth တိုးချဲ့ချိတ်ဆက် ဆောင်ရွက်မှုများတွင် ယခင်က ၅၅ ဒသမ ၈၂ Gbps ရှိရာမှ ၆၁၄ ဒသမ ၃၀ Gbps အထိ ရှိလာပြီဖြစ်သည်။

လက်ကိုင်တယ်လီဖုန်းများကို လူတိုင်း လက်လှမ်းမီမီ သုံးလာနိုင်ခြင်း၊ အင်တာနက်ကို နည်းမျိုးစုံဖြင့် ရယူသုံးစွဲနိုင်ခြင်းနှင့်အတူ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားလာသည်။ လူသတ်မှု အပါအဝင် အမှုကြီး ၁၀ မျိုးတွင် အင်တာနက်ကတဆင့် ဖြစ်ပွားမှုနှုန်းက ဒုတိယနေရာ ရောက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြောလာသည်။

မသမာသူများက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေတဆင့် ဆယ်ကျော်သက် မိန်းကလေးငယ်များကို ဆက်သွယ် ချိတ်ဆက် လိမ်လည်လှည့်ဖျားမှု၊ ပစ္စည်းလုယူ သတ်ဖြတ်မှုများ၊ ကာမရယူ အမည်ဖျက်မှုများလည်း မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် မကြာခဏ ဖြစ်ပွားနေသည့် သတင်းများ ကြားသိနေရသည်။

သို့ပါ၍ လက်ကိုင်ဖုန်းကြောင့် အသက်သေပျောက်နှင့် လက်ကိုင်ဖုန်းကြောင့် အရှက်ကုန် မကြောက်ကြရအောင် ဖုန်းကို ဆင်ခြင်သုံးစွဲရန် တိုက်တွန်း နှိုးဆော်လိုက်ရသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013