
အမေရိကန်စစ်တပ်ဟာ အီရန်ရဲ့ ရေနံတင်သင်္ဘောငါးစီးကို စက်တင်ဘာ ၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီး တစင်း နစ်မြုပ်သွားတယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းကွပ်ကဲရေးဌာနချုပ် (CENTCOM) က အတည်ပြုပါတယ်။
ဒါဟာ အီရန်ဘက်က အမေရိကန်စစ်သင်္ဘော တစင်းကို နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
CENTCOM ရဲ့ ထုတ်ပြန်ချက်အရ အိုမန်ပင်လယ်ကွေ့အတွင်း အစ္စလာမ္မစ် တော်လှန်ရေးအစောင့် တပ်ဖွဲ့ (IRGC) နဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောလေးစင်းအပေါ် ပစ်မှတ်ထားခဲ့တာ ဖြစ်သလို ခါ့ဂ်ကျွန်းအနီးက နောက်ထပ် ရေနံတင်သင်္ဘောတစီးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် တိုက်ခိုက်ခဲ့တဲ့ အီရန်ရေနံတင်သင်္ဘောငါးစင်းဟာ “IRGC အပါအဝင် ဒေသတွင်းက လက်ဝေခံအဖွဲ့တွေကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေပြီး ဒေါ်လာဘီလီယံနဲ့ချီအောင် တန်ကြေး ရှိတဲ့ လျှို့ဝှက်ကွန်ရက်တခုရဲ့ တစိတ်တပိုင်း” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲက နစ်မြုပ်သွားတဲ့ M/T Riesco အမည်ရ သင်္ဘောရဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း CENTCOM ဌာနချုပ်က X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ထားတာ တွေ့ရပါတယ်။
အီရန် ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်အစ္စလာမ္မစ် တော်လှန်ရေအစောင့်တပ်ဖွဲ့ (IRGC) ဟာ ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်စခန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို တခြားစစ်သင်္ဘောနဲ့ ရေနံတင်သင်္ဘော ၁၀ စင်း ကိုပါ တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အယ်လ်-အာဇ်ရက်ခ် လေတပ်စခန်းမှာရှိတဲ့ အမေရိကန်ရဲ့ F-35၊ F-16 နဲ့ F-15 တိုက်လေယာဉ် ပြင်ဆင်ထိန်းသိမ်းရေးရုံတွေနဲ့ ခိုလှုံရာနေရာတွေကို ပစ်မှတ်ထားခဲ့တာကြောင့် ရန်သူ့ဘက်မှာ အကြီးအကျယ် ပျက်စီးသွားတယ်လို့ အီရန်ဘက်က ဆိုပါတယ်။
ဒါပေမဲ့ အီရန် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် အစင်း ၂၀ ထဲက ၁၈ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး ကျန် နှစ်စင်းမှာလည်း လူမနေတဲ့နေရာတွေကို ကျရောက်ခဲ့တာမို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဂျော်ဒန်စစ်တပ်က ငြင်းဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အင်္ဂါနေ့တုန်းက အမေရိကန် အလယ်ပိုင်းတိုင်းကွပ်ကဲရေးဌာနချုပ် (CENTCOM) က အီရန် ရေနံစိမ်းတင်သင်္ဘော ၅ စင်းကို ဖျက်ဆီးခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲဟာ သိသိသာသာ ပိုပြီး ပြင်းထန်လာနေပါတယ်။
IRGC ရေတပ်ဟာ ဒေသတွင်းမှာရှိတဲ့ ရေနံတင်သင်္ဘောတွေအပေါ် ဆက်လက် တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့အလျောက် ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံအနီး သင်္ဘောတွေပေါ်က အမှုထမ်းတွေကို ဘေးလွတ်ရာ စွန့်ခွာကြဖို့ သတိပေးထားပါတယ်။
အဲဒီနှစ်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ Brent ရေနံညွှန်းကိန်း က ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တစည်ကို ၉၅ ဒေါ်လာဝန်းကျင် ပေါက်စျေး ရှိနေပါတယ်။
တချိန်တည်းမှာပဲ အီရန်နောက်ခံပြု ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံထဲက အရပ်ဘက် အခြေခံအဆောက်အအုံတွေနဲ့ စွမ်းအင်ဆိုင်ရာ စက်ရုံတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၇၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလိုမျိုး အရှေ့အလယ်ပိုင်းဒေသတွင်း မတည်ငြိမ်မှုတွေ ပိုပြီးကျယ်ပြန့်လာတာကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်စေတဲ့ ဖိအားသက်ရောက်မှုတွေလည်း ပြင်းထန်လာခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေကို လမ်းပြပေးပြီး ကမ္ဘာ့ဈေးကွက်ဆီ ရေနံစီးဆင်းမှု ပုံမှန်အတိုင်းရရှိအောင် လုပ်ဆောင်နေသလို ပိတ်ဆို့မှုတွေလုပ်ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကိုလည်း ဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။
Source:Reuters











