DVB Logo
Home
မြန်မာသတင်း
အဂတိမှုဖြင့် စွပ်စွဲတိုင်ကြားခံရသည့်ကိစ္စ စစ်ဆေးခံရန်အသင့်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော
DVB
·
May 25, 2019
အဂတိမှုဖြင့် စွပ်စွဲတိုင်ကြားခံရသည့်ကိစ္စ စစ်ဆေးခံရန်အသင့်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ရွှေစက်တော် ဘုရားပွဲတော်ကာလ နမ္မဒါ (၁) တည်းခိုဆောင်မှာ  အခကြေးငွေမပေးဘဲ တည်းခိုခဲ့တယ်ဆိုတဲ့ စွပ်စွဲတိုင်ကြားထားတဲ့အပေါ် မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ငြင်းဆိုလိုက်ပြီး စစ်ဆေးမယ်ဆိုပါက စစ်ဆေးခံဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

တည်းခိုခမပေးခဲ့တဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြီးခဲ့တဲ့ ၂၀၁၈ ခု အောက်တိုဘာ ၈ ရက်က လွှတ်တော်ဥက္ကဋ္ဌထံ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့ကို အဂတိလိုက်စားမှုနဲ့ တိုင်ကြားခဲ့တာပါ။

ဦးတင်အောင်ထွန်းက "၀န်ကြီးချုပ်နဲ့ ၀န်ကြီး သုံးဦးကတော့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌရယ်၊ ဂေါပကအဖွဲ့ဝင်တွေကတဆင့် အဲဒီအခန်းတွေမှာ အခကြေးငွေသတ်မှတ်ထားတာ မပေးဘဲနဲ့ သုံးစွဲခဲ့ပါတယ်။ အဲဒါဟာ နိုင်ငံရေးရာထူး လက်ရှိ ရှိတဲ့သူတွေက အဂတိလိုက်စားခြင်းပါပဲ။ ဘာဖြစ်လို့ အဲဒါကို တပ်အပ်ပြောရလဲဆိုတော့ ဥပဒေမှာကိုက အဲလို အခကြေးငွေသတ်မှတ်ထားတာကို မပေးဘဲ သုံးစွဲတာဟာ အဂတိတရား လို့ အတိအလင်း အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တည်းခိုဆောင်ပိုင်ရှင်မှာက အဲဒီနိုင်ငံရေးရာထူး လက်ရှိ ရှိတဲ့ ၀န်ကြီးချုပ်၊ ၀န်ကြီး သုံးဦး အခမဲ့တည်းတာအပါအ၀င် ဂေါပကအဖွဲ့က စေလွှတ်ပြီး တည်းရတဲ့ အခန်းခပေါင်းက ၉၆ ရက်အတွက် ၉၆ သိန်းရှိပါတယ်။ ပိုက်ဆံမပေးပါဘူး" လို့ မေ ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေးခေတ္တရပ်နားစဉ် မီဒီယာတွေကို ပြောကြားခဲ့တာပါ။

အခုလို စွပ်စွဲချက်အပေါ် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “စခန်းခွဲတမ်းယူတယ်ပေါ့။ အဲဒီစခန်းဆောက်ဖို့အတွက်ကို ကျနော်တို့အစိုးရက မင်းတို့ကို ကုန်ကျစရိတ်ပေးမယ်။ တို့အစိုးရအဖွဲ့က ဧည်သည့်လာရင် တပ်မတော်အရာရှိတွေရှိမယ်၊ အရပ်ဘက်က အရာရှိတွေရှိမယ်၊ လွှတ်တော်က အရာရှိတွေရှိမယ်။ အဲဒီ လူကြီးတွေလာရင် အဲဒီစခန်းမှာတည်းမယ်။ တို့မလာတဲ့အချိန်ကျရင် မင်းတို့အဲဒါကို ငှားစာ။ ဘုရားပွဲတော်ပြီးလို့ ဆောက်ထားတဲ့ ကုန်ကျစရိတ်ထက်ပိုပြီး မြတ်တာရှိရင် တို့ကိုပေး။ လို့ရင်တို့က စိုက်မယ်ဆိုပြီး အဲလိုမျိုး သဘောတူထားတာရှိတယ်။ သို့သော်လည်း တကယ်လက်တွေ့လုပ်တဲ့အချိန်ကျတော့ တည်းကျောင်းထည့်ဆောက်ဖို့ ကျနော်တို့ဆီကို ကုန်ကျစရိတ်လည်းမတောင်းဘူး။ လျော့တယ်လည်း မပြောဘူး။ ပိုတယ်လည်း မပြောဘူး လာသမျှ တည်းခွင့်ပေးလိုက်တယ်။ တည်းတာတောင်မှ စာရွက်စာတမ်းနဲ့ တည်းပါရစေလို့ ပြောရတာမဟုတ်ဘူး။ ဂေါပကကို ဖုန်းတချက်ဆက်လိုက်ရုံပဲ။ ဧည့်သည်ဘယ်နှယောက်လာမယ် ဘယ်နှခန်းလိုချင်တယ် ပေးတာပဲ အမြဲတမ်း၊ ဘာပြဿနာမှ မရှိဘူး” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုပါက စစ်ဆေးခံဖို့ အဆင်သင့်ရှိကြောင်းလည်း ၀န်ကြီးချုပ်ကပြောပါတယ်။

“ကျနော်တို့က အဂတိက စစ်မယ်ဆိုလည်း အစစ်ခံဖို့အဆင်သင့်ပဲ၊ နေပြည်တော်သွားစစ်မယ်ဆိုလည်း အစစ်ခံဖို့ အဆင်သင့်ပဲ။ သို့သော် စည်းမျဉ်းစည်းကမ်းနဲ့အညီ၊ ဥပဒေနဲ့အညီ မဟုတ်တာကို မဟုတ်သလို၊ မမှန်တာကို မမှန်သလို၊ မှန်တာကို မှန်သလိုတော့ ဆုံးဖြတ်ပေးဖို့လိုမယ်” လို့ ပြောပါတယ်။

စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “လုပ်ငန်းရှင်နှစ်ယောက်ကို ကျနော်တို့က ခွင့်ပြုထားတာ။ ကျန်တဲ့ လုပ်ငန်းရှင်တယောက်က စည်းကမ်းမဖောက်ဘူး။ သူကစည်းကမ်းဖောက်တယ်။ စည်းကမ်းဖောက်လို့ ဒဏ်ရိုက်တယ်။ ဒဏ်ရိုက်တာကို ဒဏ်မဆောင်ချင်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးတင်အောင်ထွန်းကို ရှေ့နေငှားပြီးတော့မှ ကျနော်တို့အစိုးရကို တိုက်ခိုက်တဲ့သဘောပေါ့ဗျာ။ အဂတိနဲ့ ဒါကို စွပ်စွဲ တိုက်ခိုက်တယ်ဆိုတာကတော့ ကိုယ့်အပြစ်ကို ဖုံးကွယ်ချင်လို့ ဒီအစိုးရကို တိုက်ခိုက်တဲ့သဘောပါ” လို့ ဆိုပါတယ်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက “ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ အရေးကြီးပုဂ္ဂိုလ်လို့ ဆိုတဲ့အခါမှာ အထက်ဌာန ဘယ်ကပဲလာလာ ကိုယ့်ရဲ့ဆရာသမား၊ မိဘတွေလာမယ်ဗျာ။ စိတ်ချမ်းချမ်းသာသာနဲ့ တည်းဖို့ခိုဖို့လာတယ်ဗျာ။ ဒါကို တည်းခိုခတွေ၊ ဝန်ဆောင်ခတွေတောင်းပြီးတော့ လူကြီးတွေကို တည်းခိုင်းမလား။ အနယ်အနယ်အရပ်ရပ်က မိဘဆရာသမားတွေကို ဒါက ထုံးစံပဲ။ အခုမှမဟုတ်ဘူး။ ဟိုးကတည်းကရှိပြီးသား ဒါအခမဲ့ ဝန်ဆောင်မှုပေးတာ။ ဒီအတွက်ကို ပွဲတော်မှာလာရင် ဒီလိုလုပ်ဖို့ဆိုပြီးတော့ သဘောတူထားပြီးသား။ ဒါတွေက စကားထဲကို ထည့်ပြောစရာမလိုဘူး။ မီဒီယာတွေကိုလည်း ပြောစရာမလိုသလို လွှတ်တော်မှာလည်း ပြောစရာ မလိုဘူး။ ဒီအဆင့်လည်း ရောက်စရာမလိုဘူး။ အဂတိလည်း ပြောစရာမလိုဘူး။ အဂတိလိုက်စားမှုလည်း ဘာမှမရှိဘူး” လို့ ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဆက်လက် ပေးပို့လား မပို့လားတော့ သူအနေနဲ့ မသိရသေးသလို လက်ရှိမှာတော့ ငွေကျပ် ၉၆ သိန်းရရှိဖို့အတွက် ဂေါပကအဖွဲ့ဥက္ကဋ္ဌကို လုပ်ငန်းရှင်က မင်းဘူးမြိုကနယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဦးတင်အောင်ထွန်းက ပြောပါတယ်။

အခုလွှတ်တော်ဥက္ကဋ္ဌကို တိုင်ကြားထားတဲ့ ရှေ့နေ အမျိုးသားအမတ် ဦးတင်အောင်ထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်ထားသူဖြစ်ပါတယ်။

သတင်း ဇော်ဖေ၊ နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013