DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ ဆရာ၊ ဆရာမများ၏ ကိုယ်ရေးမှတ်တမ်း တောင်းခံမှု မလျော်သြဇာသုံးခြင်းဖြစ်ဟုဆို
DVB
·
May 25, 2019
ဆန္ဒပြ ဆရာ၊ ဆရာမများ၏ ကိုယ်ရေးမှတ်တမ်း တောင်းခံမှု မလျော်သြဇာသုံးခြင်းဖြစ်ဟုဆို
Donate to DVB

ပညာရေးဌာနက ဝန်ထမ်းတွေရဲ့ ဆုံးရှုံးနစ်နာတာတွေအတွက် ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးမှတ်တမ်းကို မြို့နယ်ပညာရေးမှူးရုံးက တောင်းခံခဲ့ပြီး ဒါဟာ မလျော်သြဇာသုံးခြိမ်းခြောက်တာလို့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်က ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ အခြေခံပညာ ဆရာ၊ ဆရာမ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ပစ်စာတိုင်တဲ့သူရဲ့ လိပ်စာမပါရင် ဌာနဆိုင်ရာ အရေးမယူဖို့၊ အဲဒီတိုင်ကြားသူကို သက်သေအဖြစ်ထည့်ဖို့၊ မဟုတ်မမှန်တိုင်တဲ့သူကို ဌာနက တရားစွဲဆိုဖို့၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ရင် ပညာရေးလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းထားဖို့၊ ပင်စင်စားထောက်ပံ့ကြေး ကောက်ခံတာကို ဌာနဆိုင်ရာအရေးမယူဖို့ ဆိုတဲ့ ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲအပြီးမှာပဲ ဦးဆောင်သူဆရာတွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖြည့်ပေးဖို့ မြို့နယ်ပညာရေးမှူးရုံးက အသိပေးလာတယ်လို့ ဦးဆောင်သူ ဆရာ သူရစိုးက ပြောပါတယ်။

“၂၃ ရက်နေ့မှာ သွားဖြည့်ပေးလိုက်တယ်။ ဆန္ဒပြပွဲအတွက် ငြိမ်းစုစီတင်တာမှာ ပါတဲ့ ဆရာ ၃ ယောက်လုံးကို တောင်းတော့ သွားဖြည့်ပေးရတယ်။ ဘယ်သူက တောင်းတာလဲလို့မေးကြည့်တော့ တိုင်း ပညာရေးမှူးက ညွှန်ကြားလို့ တောင်းတာလို့ ပြောတယ်။ ပြီးတော့ ကျနော်တို့နဲ့အတူ တက်တက်ကြွကြွပါဝင်တဲ့ ဆရာ၊ ဆရာမ အားလုံး ၂၁ ယောက် လောက်ရဲ့ ကိုယ်ရေးရာဇဝင်တွေ တောင်းတယ်” လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်တာဟာ တာဝန်ချိန်ပြင်ပမှာဖြစ်ပြီး ဥပဒေနဲ့အညီလုပ်တာဖြစ်သလို အခုလို ကိုယ်ရေးမှတ်တမ်းကို နှုတ်မိန့်နဲ့တောင်းတာဟာ မလျော်သြဇာသုံး ခြိမ်းခြောက်တာ ဖြစ်တယ်လို့ အခြေခံနဲ့ အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက ထုတ်ပြန်ပါတယ်။

ဒီလိုမလုပ်ဖို့ တောင်းဆိုသလို ထပ်ပြီးလုပ်လာမယ်ဆိုရင်တော့ နောက်ဆက်တွဲကိစ္စတွေဟာ လုပ်တဲ့သူရဲ့ တာဝန်ပဲ ဖြစ်တယ်လို့လည်း သူတို့က သတိပေးပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အနေနဲ့ မြေပြင်က အခက်အခဲတွေကို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ဖြေရှင်းပေးဖို့ တောင်းဆိုပြီး အဲဒီပညာရေးဝန်ထမ်းတွေနဲ့အတူ ရပ်တည်တယ်လို့ ဆိုပါတယ်။

ဒီဆန္ဒပြတာဟာ  မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးကို ရာထူးချ ပြောင်းရွှေ့လိုက်တဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်ပြီး ပညာရေးမှူး ဦးမြင့်သွင်ဟာ ပညာရေး ကူညီထောက်ပံ့ရေး အဖွဲ့က ဝန်ထမ်းတွေဆီကနေ ကျပ် ၅၀၀ စီကောက်ခံနေတာကို သိလျက်နဲ့ မထိန်းချုပ်တာ၊ အရေးမယူ တာတွေကြောင့် ရာထူးလျှော့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရပါတယ်။

ဒီလိုကောက်ခံတာကို ဦးမြင့်သွင်က လက်မခံခဲ့ဘဲ တားဆီးခဲ့ပေမယ့် မြို့ခံ ကျောင်းအုပ်ကြီးတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောထားခဲ့တာဖြစ်လို့ အပြစ်မရှိဘူးလို့ ဆရာတွေက ယူဆပြီး မြို့ခံ ဆရာ၊ ဆရာမ ထောင်ချီပြီး နှုတ်ဆက် ကန်တော့ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013