DVB Logo
Home
မြန်မာသတင်း
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အတိုက်အခံ ၂ ဖွဲ့ ထပ်မံတွေ့ဆုံ
DVB
·
November 10, 2012
Donate to DVB

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ နိုဝင်ဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဦးအောင်မင်းက ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ အရင်ဆုံး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ဒု - ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့ ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပါတယ်။

ကေအန်ပီပီနဲ့ အစိုးရအကြား ဇွန်လတုန်းက အပစ်အခတ်ရပ်စဲထားပေမယ့် တပ်လှုပ်ရှားမှု၊ တပ်နေရာချထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတိအကျ သဘောတူညီခဲ့တာ မရှိခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲကတော့ ရှေ့တန်းတပ်တွေ နေရာချထားရေးကိစ္စကို ထပ်ဆွေးနွေးဖို့နဲ့၊  ဒီနှစ်ဆန်းပိုင်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတာနဲ့ ကရင်နီပြည်နယ်က စီမံကိန်းတွေနဲ့ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ကေအန်ပီပီရဲ့အတွင်းရေးမှူး - ၂ ဦးဆန်းမြင့်အောင်က ပြောပြပါတယ်။

“အချက် ၁၄ ချက်ကို နောက်ဆွေးနွေးပွဲမှာ ပြန်သုံးသပ်သွားဖို့ သဘောတူတယ်။ နောက် နှစ်ဖက်တပ်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးဖို့ သဘောတူတယ်။ စစ်တပ်ဘက်ဆိုင်ရာ တန်းမြင့် လေ့ကျင့်ရေးကျောင်းကိစ္စတွေ၊ ရေကာတာကိစ္စတွေ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားမယ်ဆိုတာတွေ သဘောတူတာ ရှိပါတယ်။”

သဘောတူညီချက်တွေကို နောက်ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိတ် ဆွေးနွေးတာမျိုး ရှိလားဆိုတော့ သူက အခုလိုပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးထားတာကတော့ ဒီလို စီမံကိန်းတွေဆိုရင် ကေအန်ပီပီနဲ့ ညှိနှိုင်းပြီး ဆက်ဆောင်ရွက်သွားမယ်ဆိုတာက သဘောတူညီချက် ၁၄ ချက်ထဲက ၁ ချက်ဖြစ်တယ်။ ရေကာတာကိစ္စကလည်း အကြီးစားဆိုတဲ့အတွက် ကျနော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်သူလူထုတွေကို လေ့လာခွင့်ပြုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်တယ်ဆိုတဲ့ အချက်ကို ပြန် အတည်ပြုတာပါ။”

အောက်ခြေအနေအထားက တပ်တွေကိစ္စကိုလည်း အခုလို ပြောပါတယ်။

“လောလောဆယ်တော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါပေမယ့် နှစ်ဖက်တပ်ကိုတော့ တိုက်ပွဲတွေမဖြစ်အောင် ထိန်းနေရတာပေါ့။ နောက်တကြိမ်ကတေ့ နောက်နှစ်ဆန်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီလောက်မှပေါ့ ဒါပေမယ့် အတိအကျ ရက်သတ်မှတ်တာတော့ မရှိသေးဘူး။ ဆက်ဆံရေးရုံးကတော့ ကျနော်တို့ဘက်က အဖွဲ့ဝင်တွေနေတယ်။ အစိုးရဘက်က နယ်စပ်လုံခြုံရေးဝန်ကြီးနဲ့ ပြည်နယ်အစိုးရက တိုက်ရိုက်လာဆက်သွယ်တာရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်သွားနေတုန်းလားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ငြိမ်းချမ်းရေးလို့ မပြောသေးဘူး။ အပစ်ခတ်ရပ်စဲရေး တည်ငြိမ်အောင်လို့ပဲ လုပ်နေသေးတယ်။ ”

ကရင်နီပြည်နယ်ထဲမှာ ရွာသစ်ရေကာတာလိုမျိုး အကြီးစား စီမံကိန်းတွေနဲ့ ပတ်သက်လို့ လူထုအခြေပြု အသင်းအဖွဲ့တွေကို လေ့လာခွင့်ပေးဖို့ ကေအန်ပီပီက တောင်းဆိုနေတာပါ။

ဇွန်လက အပစ်အခတ်ရပ်ရေး သဘောတူထားတဲ့နောက် အခုလက်ရှိမှာတော့ လွိုင်ကော်၊ ဖားဆောင်းနဲ့ ရှားတောမြို့နယ်တွေမှာ ကေအန်ပီပီ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားပါတယ်။

ကေအန်ပီပီအဖွဲ့ ဟာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မနှစ်နှစ်ကုန်ပိုင်း တကြိမ်တွေ့ခဲ့ပြီး၊ ဒီနှစ်ထဲမှာတော့ ဒါက တတိယအကြိမ်ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ကေအန်ပီပီနဲ့ တွေ့ပြီးတဲ့နောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်ပါတီနဲ့လည်း သီးသန့်တွေ့ဆုံပါတယ်။

အဓိကကတော့ မကြာခင်မှာ လူ့ဘောင်သစ်ပါတီရဲ့ကိုယ်စားလှယ်အဖွဲ့ကို မြန်မာပြည်ထဲကို စေလွှတ်ဖို့နဲ့ ပါတီ ပြည်တော်ပြန်ခွင့်နဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်းခဲ့တာလို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပြပါတယ်။

“ပါတီတိုင်းပြည်ထဲ ပြန်ရပ်တည်ဖို့ ဆွေးနွေးထားတယ်၊ သူတို့ဘက်ကလည်း သဘောတူထားတာရှိတယ်။ အဲဒါကို တရားဝင်ပေါ့ သဘောတူခွင့်ပြုတယ်ဆိုတဲ့ တရားဝင်အနေအထား လိုချင်တယ်။ ဒါကို သူတို့အနေနဲ့ ဆက်ဆောင်ရွက်သွားပေးမယ်လို့ ပြောတယ်။ ကိုယ်စားလှယ်အနေနဲ့ မလွှတ်ခဲ့ဖူးပါဘူး။ ကျနော်တယောက်တည်း သွားတာက သူတို့ဖိတ်လို့ သွားခဲ့တာပါ။ နောက် ကျနော်တို့ပါတီရဲ့ ထောက်ခံမှုနဲ့ပါ။ အခုတခေါက်ကတော့ ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားရမယ်။ ဟိုမှာရှိတဲ့ ရဲဘော်ရဲဘက်တွေနဲ့ တွေ့မယ် ဆွေးနွေးစရာရှိတာ ဆွေးနွေးမယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့၊ လေ့လာစရာရှိတာ လေ့လာဖို့ ကိုယ်စားလှယ်လွှတ်တဲ့ သဘောပါပဲ။ ကိုယ်စားလှယ်အဖွဲ့ လွှတ်ဖို့က ဒီဇင်ဘာလောက် ဖြစ်မယ်ထင်တယ်။ သူတို့ဆီကို ကျနော်တို့က ဘယ်သူတွေသွားမယ်၊ လူဘယ်လောက်သွားမယ်၊ ဘယ်အချိန် ဘယ်နေရာတွေသွားမယ်ဆိုတာ အကြောင်းကြားရဦးမယ်။ ဒါပြီးမှ သူတို့က ကျနော်တို့တောင်းတဲ့ရက်က များတယ်၊ နည်းတယ် သို့မဟုတ် သဘောတူတယ် ဆိုတာတွေ ဖြစ်လာမှာပေါ့။”

“ကိုယ်စားလှယ်တွေသွားရတာက တစ် အချက်က အထဲက နိုင်ငံရေးအခြေအနေတွေ လေ့လာတာ၊ နိုင်ငံရေးအင်အားစုတွေနဲ့တွေ့တာပေါ့။ နှစ်အချက်က ကျနော်တို့ပါတီက ရဲဘော်တွေနဲ့ ဆွေးနွေးတာပေါ့။ တကယ်လို့ ပါတီပြန်ရပ်တည်မယ်ဆိုရင် ဘယ်လိုပုံစံ လုပ်မယ် စသည်ဖြင့် ပြင်ဆင်တဲ့ သဘောပါ။”

လူ့ဘောင်သစ်ပါတီအနေနဲ့ ရှေ့နှစ်မကုန်ခင် မြန်မာပြည်ထဲကို ပြန်ပြီး တရားဝင်ပါတီအနေနဲ့ လှုပ်ရှားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီနှစ်ဆန်းပိုင်းက စတင်တွေ့ဆုံပြီး ညှိနှိုင်းမှုတွေ လုပ်တာပါ။
လူ့ဘောင်သစ် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း စက်တင်ဘာလအတွင်းမှာ မြန်မာပြည်ကို သွားရောက်ခဲ့ပါသေးတယ်။ ဦးအောင်မင်းခေါင်းဆာင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ တွေ့ဆုံခဲ့ပြီး ကျောင်းသားတပ်မတော်ရဲ့ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို မြန်မာပြည်ထဲကို စေလွှတ်ဖို့ တရားဝင် သဘောတူညီခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013