DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းထားသည့် သီရိလင်္ကာနိုင်ငံသားကို စိစစ်နေဆဲဟု ဦးဇော်ဌေးပြော
DVB
·
May 25, 2019
ထိန်းသိမ်းထားသည့် သီရိလင်္ကာနိုင်ငံသားကို စိစစ်နေဆဲဟု ဦးဇော်ဌေးပြော
Donate to DVB

သီရိလင်္ကာအကြမ်းဖက်မှုနဲ့မပတ်သက်ဘဲ ကျောက်ကုန်သည်တဦးသာဖြစ်ကြောင်း ရဲစခန်းမှာ လာရောက်ထွက်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသားကို စိစစ်နေဆဲဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့ညနေပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ သမ္မတရုံးပုံမှန်သတင်းစာရှင်းလင်းမှာ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။

သီရိလင်္ကာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတယောက် မြန်မာနိုင်ငံကို ရောက်နေတယ်ဆိုပြီး သီရိလင်္ကာနိုင်ငံက သတင်းပေးလာလို့ စစ်ဆေးရာမှာ တကယ့် အကြမ်းဖက်သံသယရှိသူက နိုင်ငံတွင်းက ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။

“ဒီလူဟာ မြန်မာနိုင်ငံဘက်ကို ဘယ်အချိန်က ဝင်သွားတယ်ဆိုတာ ကျနော်တို့ဆီ မှာ ပြန်စစ်လိုက်တော့ တကယ့်အကြမ်းဖက် သံသယပုဂ္ဂိုလ်က ပြန်ထွက်သွားပြီပေါ့နော်။ သူနဲ့အတူတူ လေယာဉ်တစီးတည်းလာ၊ ဗီဇာအတူတူယူ၊ အတူတူရောက်လာတဲ့ သီရိလင်္ကာ နိုင်ငံသားတယောက်က ဒီမှာ ကျန်ခဲ့တယ်။ အဲဒါကို ကျနော်တို့က လိုက်လံရှာဖွေတဲ့အခါမှာ ဟိုတယ်ခရီးက ဟိုတယ်တွေကို မေးတဲ့စာပေါ့နော် အဲဒါက အပြင်ကိုရောက်သွားတယ်။ အဲဒီအပေါ်မှာ မနေ့ကတော့ ကာယကံရှင်ကိုယ်တိုင် ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ်မှာ မူတည်ပြီး ရဲစခန်းကိုလာပြီးတော့ ရှင်းပြတယ်။ သူက အကြမ်းဖက်သမား မဟုတ်ဘူး၊ သူဘာမှ မလုပ်ပါဘူးလို့ ရှင်းပြတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ထွက်ဆိုချက်ကို စိစစ်နေတဲ့ကာလဖြစ်ပါတယ်။ အသေးစိတ်ကတော့ လောလောဆယ် ပြောလို့တော့ မရသေးဘူး။ သူ့ရဲ့အကြောင်းပြချက်ကတော့ မြန်မာနိုင်ငံကို ကျောက်မျက်ရတနာ အရောင်းအဝယ်ကိစ္စနဲ့ လာတယ်။ သူသွားတဲ့နေရာတွေက ရန်ကုန်ရောက်တယ်၊ ပြီးရင် မန္တလေးသွားတယ်။ အဓိက ကျောက်မျက် အရောင်းအဝယ်လုပ်တယ်လို့တော့ အကြမ်းဖျင်း ထွက်ဆိုထားတာ ရှိတယ်။ လောလောဆယ် စိစစ်ဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

Jet Star လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် 3K -583၊ ပတ်စပို့စ်နံပါတ် N 5467645 နဲ့ အသက် ၃၉ နှစ်အရွယ် နိုင်ငံခြားသားဟာ ရန်ကုန်လေဆိပ်ကနေ ၀င်ရောက်လာတာဖြစ်ပြီး ၀န်ကြီးဌာနလိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ဟိုတယ်၊ တည်းခိုးခန်းတွေမှာ လာရောက်တည်းခိုသူတွေထဲ လာရောက်တည်းခိုနေထိုင်ခဲ့တာရှိမရှိ စိစစ်ပေးဖို့ ဟိုတယ်နဲ့ခရီး (ပုဂံရုံးခွဲ) ကနေ ပုဂံမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို အကြောင်းကြားစာ ပေးပို့ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ အီစတာပွဲတော် ကျင်းပနေချိန်အတွင်း ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ အိုင်အက်စ် အဖွဲ့က သူတို့လုပ်တာလို့ ပြောကြားထားပါတယ်။

ပြည်ထဲရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို လိုက်လံစစ်ဆေးခဲ့ပြီး လုံခြုံရေး မကျိုးပေါက်အောင် ဆောက်ရွက်ကြဖို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013