ဝန်ထမ်းများ စည်းမျဉ်းစည်းကမ်း လိုက်နာကြရန် သမ္မတ သတိပေး
DVB
·
May 25, 2019

နိုင်ငံ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ပြည်သူ့ဝန်ထမ်းပဲဖြစ်ဖြစ် တက်လာတဲ့အစိုးရအပေါ်မှာ သစ္စာရှိရမှာဖြစ်ပြီး ဟိုသတင်းပေး၊ ဒီသတင်းပေးမလုပ်ဖို့ ၀န်ထမ်းတွေအနေနဲ့ ဂရုစိုက်စေချင်တယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သတိပေးလိုက်တယ်။
မေလ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီကဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို သတိပေး ပြောကြားလိုက်တာပါ။
ဝန်ထမ်းတွေအနေနဲ့ ဘယ်အစိုးရတက်တက်၊ ဘယ်အဖွဲ့အစည်းတက်တက်၊ ကြိုက်တာ၊ မကြိုက်တာကို ဘေးဖယ်ထားပြီး ၀န်ထမ်းတွရဲ့ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လေးစား လိုက်နာရမယ်လို့ သမ္မတက ပြောပါတယ်။
"တချို့က မဟုတ်ဘူး၊ ဝန်ထမ်းအနေနဲ့ ဝန်ထမ်းတာဝန် ဝန်ထမ်းဟာကို ဟိုဒင်းမဖြစ်ဘဲနဲ့ ဟိုမျှော် ဒီမျှော်၊ ဟို သတင်းပေး ဒီသတင်းပေး၊ ဟိုအချက်အလက်ပေး ဒီအချက်အလက်ပေး ရှိပါတယ်။ ကျနော် ဒါက ကောလာဟလနဲ့ ပြောတာမဟုတ်ပါဘူး။ ကျနော် လွှတ်တော်ဥက္ကဋ္ဌဘဝက လာတယ်၊ ကျနော် သိတယ်။ ကျနော် သတိပေးခဲ့ရတာတွေ ရှိတယ်။ အားလုံးဟာ ဝန်ထမ်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း လိုက်နာရမယ်။ ဝန်ထမ်းဟာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း မလိုက်နာဘဲနဲ့ Informer လုပ်စရာ အကြောင်းမရှိပါဘူး။ ဒါတက်လာ တဲ့ အစိုးရအပေါ်မှာ သစ္စာခံရမှာပါ။ နိုင်ငံတော်အပေါ်မှာ ကျေးဇူးသစ္စာရှိရမှာပါ။ ဒါဟာ ကျနော်တို့ ဝန်ထမ်းတွေအနေနဲ့ ဂရုစိုက်စေချင်ပါတယ်။ ကျနော်အရှိအပိုင်း ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဒါကြောင့်မလို့ ဝန် ထမ်းသည် ဝန်ထမ်းတာဝန် ကျေပြွန်အောင်ထမ်းဆောင်ရမယ်၊ ဂရုစိုက်ရမယ်။"
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နေတာဟာ ခေတ်ဟောင်း စနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို ပြောင်းနေတာဖြစ်ပြီး လမ်းဟောင်းကနေ လမ်းသစ်ကို ထွင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြုပြင်ပြောင်းလဲမှုလုပ်နေအချိန်မှာ ချီးမြှင့်ငွေ၊ အဆောင်အယောင်တွေအပေါ်မှာ ပျော်မွေ့နေမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးမဟုတ်ဘူးလို့ သမ္မတက ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးတချို့နဲ့ နေပြည်တော်ကောင်စီအတွင်းက ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။