DVB Logo
Home
မြန်မာသတင်း
အင်အားပြင်း ငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊ အဆောက်အဦများ ပျက်စီး
DVB
·
November 11, 2012
အင်အားပြင်း ငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊ အဆောက်အဦများ ပျက်စီး
Donate to DVB

ဒီနေ့ မနက် ၇ နာရီ ၄၂ မိနစ်က ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင်အကွာမှာ ဗဟိုပြုတဲ့ ရစ်ခ်ျတာစကေး ၆.၈ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စဥ့်ကူးမြို့နဲ့ ကျောက်မြောင်းမြို့နယ်ခွဲမှာ ဧရာဝတီမြစ်ကို ဖြတ်သန်းတည်ဆောက်နေတဲ့ ရတနာသိင်္ခ တံတားဟာ ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့သလို ဆောက်လုပ်ရေးလုပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်မြောင်းဒေသခံ ကိုမိုးကျော်သူက ဒီဗွီဘီကို ပြောပါတယ်။

“ငလျင်လှုပ်ပြီး တံတားက မြစ်ထဲ ပြိုကျသွားတယ်။ တံတားပေါ်က လုပ်သား ၄ ဦး မြစ်ထဲကျသွားတယ်။ လောလောဆယ် သေတာက ၁ ယောက်ရှိတယ်။ ရွှေဘိုဆေးရုံကိုတင်ထားတာ အရေးပေါ်လူနာ ၇ ယောက်၊ ကျောင်းမြောင်းဆေးရုံမှာကတော့ သာမန်ပေါ့ပေါ့ပါးပါး လူနာတွေပဲ တင်ထားတယ်။”

ကျောက်မြောင်းမြို့နယ်ခွဲက ခြံစည်းရိုး အုတ်တံတိုင်း ပြိုကျခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။ ရတနာသိင်္ခ ဧရာဝတီ တံတားဆောက်လုပ်ရေးက အလုပ်သမား ၇ ဦးကို ရွှေဘိုဆေးရုံးမှာ အရေးပေါ်ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

အဲဒီငလျင်ဗဟိုချက်နဲ့ အနီးအနားက စဥ့်ကူး၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ရွှေဘို၊ စစ်ကိုင်း၊ တံတားဦး၊ မန္တလေး၊ အမရပူရ စတဲ့ မြို့တွေက စေတီတွေ၊ အဆောက်အဦတွေ ထိခိုက် ပြိုကျတာတွေ ရှိခဲ့ပါတယ်။

ရွှေဘိုမြို့မှာတော့ ငလျင်ဒဏ်ကြောင့် လူအသေအပျောက်မရှိဘဲ အဆောက်အဦတွေ ပျက်စီးတာတော့ ရှိတယ်လို့ ရွှေဘိုဒေသခံ ဦးအောင်မျိုးက ဒီဗွီဘီကို ပြောပါတယ်။

“တချို့အိမ်တွေ နံရံတွေ အက်တာတို့၊ ဘုန်းကြီးကျောင်းမုခ်တွေပြိုတာတို့၊ ဘုရားတွေမှာ ထီးတော်တွေ ယိုင်သွားတာတော့ ရှိပါတယ်။”

မန္တလေးမြို့မှာတော့ မန်း-မြန်မာပလဇာမှာ ဆောက်လက်စ အဆောက်အဦတွေ ထိခိုက်တာကို စိုးရိမ်တဲ့အတွက် မန်းမြန်မာပလဇာဈေးကို ယာယီပိတ်ခဲ့ပါတယ်။ ရှေးဟောင်း မန္တလေး ကျုံးမြို့ရိုးထဲမှာတော့ အဆောက်အဦ တချို့ အထိအခိုက်ရှိတယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့ သတင်းတွေအရ သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ပြီး အင်အားသေး ငလျင်တွေ ထပ်မံ လှုပ်ခတ်နေတဲ့အတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေက ငလျင်ဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013