DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်က ဒုက္ခသည်များနေရပ်ပြန်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNHCR မဟာမင်းကြီး ဆွေးနွေး
DVB
·
May 24, 2019
ထိုင်းနယ်စပ်က ဒုက္ခသည်များနေရပ်ပြန်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNHCR မဟာမင်းကြီး ဆွေးနွေး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ခုနှစ် ဇွန် ၆ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

နားလည်မှုစာချွန်လွှာအရ အသိုက်အဝန်းအခြေပြု စီမံကိန်းလုပ်ငန်းတွေ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတွေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီစခန်းတွေမှာ နေထိုင်နေတဲ့ ဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိစ္စ၊ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို UNHCR က ကူညီပံ့ပိုး ပေးနိုင်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး  မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုဖွင့်လှစ်ထားပြီး လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့ အစီအစဉ်နဲ့   နို့ဖိုးဒုက္ခ သည်စခန်းကဒုက္ခသည်တချို့ ပထမဆုံးအကြိမ် ဆန္ဒအလျောက် တရားဝင်နေရပ်ပြန်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013