DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခေါ်ဆောင်ခံရသည့် တပ်မတော်သား ၃ ဦး မတွေ့သေး
DVB
·
November 9, 2012
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဗန္ဓုလရွာအနီးကနေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ တပ်မတော်သား ၃ ဦးကို ဒီနေ့ထိ ရှာဖွေလို့ မတွေ့သေးဘဲ ဘင်္ဂလားဒေ့ရှ်ပိုင်နက်မှာ ရှာဖွေနေတယ်လို့ နယ်မြေခံသတင်းတွေအရ သိရပါတယ်။

ဗန္ဓုလရွာဟာ မောင်တောကနေ မိုင် ၅၀ ဆယ်နီးပါးရှိတဲ့ရွာဖြစ်ပြီး အဲဒီရွာနားမှာ ဒီလ ၆ ရက်နေ့ ညနေပိုင်းက အမည်မသိ တပ်ဖွဲ့တခုက စစ်မြေပြင်အင်ဂျင်နီယာတပ်က ဗိုလ်တဦးကို ပစ်သတ်ပြီး ၃ ဦးကို ဘင်္ဂလားဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်နေပြီး အတည်ပြုချက်တော့ မပေးနိုင်ပါဘူး။

ဒီ ၃ ဦးကို မြန်မာတပ်ဘက်က လိုက်ရှာပြီး ဗန္ဓုလတဖက်ကမ်း ဘင်္ဂလားဒေ့ရှ်အပိုင်း ကော့ဘဇားမြို့နယ်က နယ်စပ်ရွာ နိုက်ကွန်ဆူရီ ကျေးရွာမှာ ၀င်ရောက်တယ်လို့ သတင်းကြားတဲ့အတွက် မြန်မာဘက်ကအကူညီတောင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်က အဲဒီရွာကို ၀ိုင်းပြီး ရှာဖွေပေးနေတယ်လို့ ကြားသိရကြောင်း နယ်မြေခံက ပြောပါတယ်။

“အဲ့နေရာက ချောင်းမရှိဘူး ကုန်းလမ်း။ ဘင်္ဂလားဘက်ကို ၀င်သွားတဲ့ ရွာကို စစ်တပ်ကနေ ၀ိုင်းလိုက်ကြတယ်။ ယနေ့တိုင် ဘယ်သူဘာညာဆိုတာ မပေါ်သေးဘူး။ ဌာနဆိုင်ရာလည်း ကြိုးစားနေတယ်။ မပေါ်သေးဘူး။ ဒါပေမယ့် ဟိုဘက်အစိုးရဆီက အကူအညီတောင်းထားလို့ အဲက တပ်မတော်သားတွေ မြန်မာနိုင်ငံကမဟုတ်ဘူး။ အဲ့ရွာကို ၀ိုင်းထားတာ အခုဆို ၂၄ နာရီမကဘူး။ အခုအချိန်ထိ ဖမ်းလို့မရသေးဘူး။ ဘင်္ဂလားဒေ့ရှ် အဲ့နယ်ကို နိုက်ကွန်ဆူရီလို့ခေါ်တယ်။”

အခင်းဖြစ်တဲ့နေရာမှာ ပစ်ခတ်တဲ့သေနတ်ကျည် အမျိုးအစားအရ အေကေ-၄၇ မောင်းပြန် ရိုင်ဖယ်သေနတ်ကျည်ခွံတွေ တွေ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရကရော ရခိုင်ပြည်နယ်အစိုးရဘက်ကရော တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ မောင်တောမြို့မှာတော့ အခြေအနေဟာ  ဇွန်လကစလို့ ဈေးအရောင်းအ၀ယ်မကောင်းဘဲ နေ့ခင်း ၃ နာရီဆို ဈေးဆိုင်တွေပိတ် လမ်းသွားလမ်းလာကျဲပြီး လူအ၀င်အထွက်နည်းတယ်လို့ ဆိုပါတယ်။

မောင်တောမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး အခင်းဖြစ်ပြီးကတည်းက လုပ်ငန်းကိုင်ငန်းတွေ မရှိတော့သလောက် ပျက်ကုန်သလို ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ ဘင်္ဂလားဘက်ခြမ်း တပ်နပ်ဖ်မြို့အကြား အရင်လို ကုန်ကူးသန်းရောင်းဝယ်မှု မကောင်းသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013