DVB Logo
Home
မြန်မာသတင်း
သာစည်နှင့်မလှိုင်တွင် လေပြင်းကြောင့် နေအိမ် ၃၀၀ ခန့် ပျက်စီး၊ ဆိတ် ၆ ကောင် မိုးကြိုးပစ်ခံရ
DVB
·
May 23, 2019
သာစည်နှင့်မလှိုင်တွင် လေပြင်းကြောင့် နေအိမ် ၃၀၀ ခန့် ပျက်စီး၊ ဆိတ် ၆ ကောင် မိုးကြိုးပစ်ခံရ
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်နဲ့ မလှိုင်မြို့နယ်တို့မှာ  မေ ၂၂ ရက်က လေပြင်းကြောင့် လူနေအိမ် ၃၀၀ လောက် အမိုးလန်ပျက်စီးခဲ့ပြီး ဆိတ် ၆ ကောင် မိုးကြိုးစက်ကွင်းမိလို့ သေဆုံးခဲ့ပါတယ်။

သာစည်မြို့နယ် ဘွဲ့ခြားအုပ်စု ကန်သစ်ကုန်းရွာမှာ မိုးသက်လေပြင်းတိုက်တာကြောင့် လူနေအိမ် ၄ လုံးပြိုကျပြီး အိမ် ၅၇ လုံးနဲ့  ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးပါတယ်။ ရောက်ရိုးရွာမှာ လူနေအိမ် ၂၁ လုံးနဲ့ ရွာကုန်းကြီးရွာမှာ အိမ် ၁၀လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။

ညောင်ပင်သာအုပ်စု တမာရွာမှာတော့ ဦးမောင်စိုး ဆိတ်ခြံက ဆိတ် ၆ကောင် မိုကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့ပါတယ်။

သာစည်မြို့ နယ်ဘွဲ့ခြား အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က "ဒီတခါ မိုးသက်လေပြင်းက အိမ်တွေအများကြီး ပျက်သွားတယ်။ ပြိုသွားတဲ့ အိမ်တွေက နှစ်ပေါင်းများစွာ ကြာနေတဲ့အိမ်တွေပါ။ ရွာဆိုတော့ တဦးနဲ့တဦးက ဆွေမျိုးတွေချည်းပဲလေ၊ နီးစပ်ရာအမျိုးတွေအိမ် ကပ်နေနေကြတယ်၊ ထိခိုက်ဒဏ်ရာ မရကြပါဘူး" လို့ ပြောပါတယ်။

မလှိုင်မြို့နယ်မှာလည်း လေပြင်းတိုက်တာကြောင့် လယ်ဗျားအုပ်စု၊ ယာကြီးကုန်းအုပ်စု၊ ကျောက်တန်းအုပ်စုတို့က လူနေအိမ် ၂၀၁ လုံး၊ စာသင်ဆောင် ၅ ဆောင်၊ ဘုန်းကြီးကျောင်း ၆ ကျောင်း အမိုးလန်ပျက်စီးခဲ့တယ်လို့ လယ်ဗျားအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေက ပြောပါတယ်။

"ပျက်စီးတာတွေ သိပ်များတယ်။ လေပြင်းတယ်၊ တချို့အိမ်ခေါင်တွေဆို တန်းတွေပါ သွပ်နဲ့အတူ ပါသွားတယ်၊ ထန်းရွက်မိုးတွေကတော့ ပြိုကုန်တယ်။ လူတွေကတော့ နေဖြစ်တဲ့ အပိုင်းလေးမှာ ကပ်နေကြတယ်" လို့ ပြောပါတယ်။

လူကယ်ပြန်ဌာန ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက "မိတ္ထီလာခရိုင်ထဲမှာ ၂၀၁၉ ခုနှစ်ထဲ သဘာဝဘေးတွေ ဖြစ်တာ များလာတယ်၊ အခုမှ မေလပဲ ရှိသေးတယ်၊ မနေ့က ဖြစ်တာရောဆို ၂၄ ကြိမ် ဖြစ်ပြီးသွားပြီ။ ၂၀၁၈ တုန်းက တနှစ်လုံးမှာမှ ၃၁ ကြိမ်ပဲ ဖြစ်ခဲ့တယ်" လို့ပြောပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013