DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားကတ်ပေးရန် မွတ်စလင်ဒုက္ခသည်များ ကုလမဟာမင်းကြီးထံ တောင်းဆို
DVB
·
May 23, 2019
နိုင်ငံသားကတ်ပေးရန် မွတ်စလင်ဒုက္ခသည်များ ကုလမဟာမင်းကြီးထံ  တောင်းဆို
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေဟာ မူလနေရာမှာ ပြန်လည်နေထိုင်ခွင့်ရဖို့၊  နိုင်ငံသားကတ်ပြားပေးဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ မေလ ၂၂ ရက်က ကုလသမဂ္ဂရဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာ သီးခြားနေထိုင်ရတာကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အဘက်ဘက်က ထိခိုက်နေရတယ်လို့လည်း ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်သူတွေက ဆိုပါတယ်။

ခေါင်းဒုက္ကာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ မူဟာမက်ဂျာမာက “တောင်းဆိုတာက ကျနော်တို့ အဓိက မူလနေရာကိုလိုတယ်။ နိုင်ငံသားကတ်ပြား လိုတယ်။ တန်းတူ အခွင့်အရေးလိုတယ်။ အခုဒီနေရာကျတော့ ပညာရေး၊ ကျန်းမာရေး ဘာမှမရဘူး။ ကျန်းမာရေးဆိုလည်း မြို့ထဲသွားရင် လုံခြုံရေးကိုပေး၊ ဟိုပေးဒီပေးပေးရတယ်။ ဒီမှာတရက်ကို သုံးထောင်တောင်မရဘူး။ အဲဒါတွေကို တင်ပြလိုက်တယ်” လို့ ပြောပါတယ်။

အရင်က ရခိုင်ဒေသခံတွေနဲ့ ရောနှောနေထိုင်ခဲ့တဲ့ မွတ်စလင်တွေဟာ ၂၀၁၂ ခုနှစ်မှာ ပဋိပက္ခဖြစ်ပြီးနောက် ကယ်ဆယ်ရေးစခန်းတွေမှာ သီးခြားစီနေထိုင်ခဲ့ရပြီး လက်ရှိမှာ ၇ နှစ်လောက်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဆေးသမားကြီး ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ ဒေါ်မြင့်မြင့်သန်းက “ကျမတို့ ဒီမှာနေရတာ အလုပ်အကိုင်လည်း မရှိဘူး။ လမ်းမကောင်းတော့ သွားလို့ လာလို့လည်း အဆင်မပြေဘူး။ အဓိကပဲ အဲဒါက။ ကျမတို့ မြို့ထဲမှာနေတဲ့အချိန်မှာ ကျမတို့က အေးချမ်းတယ်။ အခုက အလုပ်လည်းအဆင်မပြေဘူး။ စားရသောက်ရတာလည်း အဆင်မပြေဘူး။ တခါတလေမှ လုပ်ပေးတယ်။ တနှစ်လောက်အေးဆေး နေလို့ရတယ်။ နောက်တနှစ်မှာဆိုရင် မိုးရွာတယ်။ လေမုန်တိုင်း တွေ ဘာတွေနဲ့ အဲဒီမှာလည်း ဒုက္ခရောက်ရပြန်ရော။ ကလေးတွေ စာသင်ဖို့လည်း ဒုက္ခရောက်ရတယ်။ အကုန်လုံး အားနည်းချက်တွေပဲ။”လို့ ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်တွေ အနေနဲ့ သူတို့ကြုံနေကြရတဲ့ အခက်အခဲတွေကို ဖီလစ်ပိုဂရန်ဒီဆီတင်ပြရာမှာ သူ့အနေနဲ့ ဒုက္ခသည်စခန်းမှာ ဘယ်လိုနေထိုင် ကြလဲဆိုတာကို လာရောက်ကြည့်ရှုတာသာဖြစ်ပြီး ဒီအခက်အခဲတွေကို မြန်မာအစိုးရကလွဲပြီး ဘယ်သူကမှ လုပ်မပေးနိုင်ကြောင်း ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၃ ရက်တာ လာရောက်လေ့လာတာဖြစ်ပြီး ဘူးသီးတောင်နဲ့ မောင်တောက မွတ်စလင်ဒုက္ခသည် စန်းတွေကိုရော ၊  ရခိုင်စစ်ဘေးဒုက္ခသည်တွေဆီပါ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် မေလ ၂၂ ရက်မှာ စစ်တွေမြို့နယ်မှာရှိတဲ့ ဆေးသမားကြီး၊ ခေါင်းဒုက္ကာ မွတ်ဆလင်ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့သလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013