DVB Logo
Home
Lead Story
အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲ ဝဲဂယက်ထဲက ဟွာဝေး
DVB
·
May 23, 2019
အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲ ဝဲဂယက်ထဲက ဟွာဝေး
Donate to DVB

ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲဟာ လတ်တလော တရုတ်တို့ရဲ့ ဟွာဝေး နည်းပညာကုမ္ပဏီ အပေါ်မှာ အပြင်းအထန် ဂယက်ရိုက်ခတ်နေပါတယ်။

ဟွာဝေး နည်းပညာကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သလို ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းပါ။ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေက ဘာတွေလဲ၊ မဖြစ်အောင် ဘယ်လိုညှိနှိုင်းခဲ့ကြသလဲ၊ အခြေအနေ ပိုတင်းမာလာအောင် စေ့ဆော်တာတွေက ဘာတွေလဲ၊ ဘယ်သူက ဘယ်လို အသာစီးရဖို့ ကြိုးစားခဲ့ကြလဲ ဆိုတာနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့ဒဏ်ကို နည်းပညာလောကနဲ့ သုံးစွဲသူတွေ အပါအဝင် ဘယ်သူတွေက ဘယ်လောက်ထိ သက်ရောက်ခံစားကြရမလဲ ဘယ်လို ကြိုတင်ပြင်ဆင်နေကြသလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေတယ်။

တရုတ်နဲ့ အမေရိကန် အစိုးရတွေကြား ကုန်သွယ်ရေး အငြင်းပွားနေတာ ကြာပါပြီ။ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတမဖြစ်ခင် ၂၀၁၆ ဇွန်လ ၂၈ ရက်က ပင်ဆယ်လ်ဗေးနီးယား စီတန်းလှည့်လည်ပွဲအတွင်း တရုတ်နဲ့ မမျှတတဲ့ ကုန်သွယ်ရေး လုပ်ဆောင်ချက်တွေကို တုံ့ပြန်ဖို့ အစီအစဉ်တွေကို ဖွင့်ချပြခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ကုန်သွယ်ရေးဥပဒေ အပိုဒ် ၂၀၁ နဲ့ ၃၀၁ အရ ထပ်ဆောင်းခွန် ကောက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ထဲကို ဝင်လာတာဟာ သမိုင်းမှာ အကြီးဆုံး အလုပ်အကိုင် ခိုးယူမှုပဲလို့လည်း ထရမ့်က ပြောပါတယ်။

၂၀၁၇ မတ်လ ၃၁ ရက်မှာတော့ သမ္မတထရမ့်ဟာ နိုင်ငံခြားဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ တင်ပို့ကုန်တွေအတွက် အမတော်ကြေး ပေးတာကို တိုက်ဖျက်ရေးနဲ့ သွန်ပစ်သလို ဖောချင်းသောချင်း ဈေးလျှော့ရောင်းတဲ့ ကုန်သွယ်ရေးပုံစံတွေကို ဆန့်ကျင်ပြီး ပိုတင်းကျပ်တဲ့ အကောက်ခွန်တွေ ကောက်ဖို့ အထူးအမိန့် ၂ ရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုရဲ့ အကြောင်းရင်းကို သုံးသပ်ဖို့လည်း အမိန့်ထုတ်ပါတယ်။

၂၀၁၇ ဧပြီ ၇ ရက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ထရမ့်နဲ့ ရှီတို့ဟာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအတွက် ရက် ၁၀၀ စီမံကိန်းကို သဘောတူခဲ့ကြပါတယ်။ ရက် ၁၀၀ ဆွေးနွေးပွဲတွေ အပြီးမှာ အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချနိုင်မယ့် ခြေလှမ်းသစ်တွေအတွက် သဘောတူညီချက် မရခဲ့ပါဘူး။

ဒီမှာတင် ထရမ့်ဟာ ၁၉၇၄ ကုန်သွယ်ရေးဥပဒေ အပိုဒ်ခွဲ ၃၀၁ ကို ရည်ညွှန်းပြီး တရုတ်က ဉာဏပစ္စည်းခိုးယူမှု စွပ်စွဲချက်ကို အရေးယူဖို့ ၂၀၁၇ သြဂုတ်လ ၁၄ ရက်မှာ အမိန့်ထုတ်ခဲ့ပါတော့တယ်။ ၂၀၁၈ ဧပြီ ၃ ရက်မှာတော့ တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ကုန်စည် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံဖိုးအပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ့် အစီအစဉ်တွေကို ထရမ့်က ဖွင့်ချလိုက်ပါတယ်။

အဲဒီကစပြီး တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား အပြန်အလှန် ခြိမ်းခြောက်ရှုတ်ချရင်း ထပ်ဆောင်းခွန်တွေကို အပြန်အလှန် တိုးမြှင့် ကောက်ခံခဲ့ကြပါတော့တယ်။ မေလ ၁၄ ရက်နေ့ထိ စာရင်းအရ အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ ဖိုး တရုတ်ထုတ်ကုန်တွေကို အမေရိကန်က ထပ်ဆောင်းခွန် စည်းကြပ်ထားပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ၃၂၅ ဘီလျံဖိုး ကုန်စည်တွေအပေါ် အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တရုတ်ကတော့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၀ တန် အမေရိကန် ကုန်စည်တွေအပေါ် အကောက်ခွန် တိုးမြှင့် စည်းကြပ်ထားပြီး အမေရိကန်ရဲ့လုပ်ရပ်နဲ့ ညီမျှတဲ့လုပ်ရပ်ကို တရုတ်နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်စေရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးက အလျှော့မပေးကြလို့ အငြင်းပွားမှုဟာ ဒီနေ့ထိ စီးပွားရေးသမိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖို့ ဦးတည်ကောင်း ဦးတည်နိုင်တယ်လို့ တရုတ် စီးပွားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဒီကုန်သွယ်ရေးစစ်ပွဲဟာ ခုတော့ နည်းပညာ နယ်ပယ်ဘက်ကိုလည်း ခြေဦးလှည့်ခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီ ဟွာဝေးရဲ့ နည်းပညာနဲ့ စနစ်တွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်က စွပ်စွဲပါတယ်။ ဒါ့အပြင် အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်ပြီး ဟွာဝေးက လုပ်ငန်းအရ ဆက်ဆံနေတယ်လို့လည်း ထရမ့်က စွပ်စွဲပါတယ်။

ဟွာဝေးကတော့ စွဲချက်အားလုံးကို ငြင်းပါတယ်။ ဟွာဝေးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် မုန့်ဝမ်ကျိုးကို အမေရိကန်ရဲ့ တောင်းဆိုချက်နဲ့ ကနေဒါနိုင်ငံမှာ ဖမ်းဆီးခဲ့ပါတယ်။ မုန့်ဟာ ဟွာဝေးကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ရန်ကျန်းဖေးရဲ့ သမီးလည်း ဖြစ်ပါတယ်။ ဟွာဝေးလုပ်ငန်းထုတ် ပစ္စည်းတွေကို ဈေးကွက်ထဲ အဝင်မခံဖို့ကိုလည်း ထရမ့်က နိုင်ငံတကာ အစိုးရတွေအတွင်း ဆော်သြခဲ့ပါတယ်။ မေလ ၁၆ ရက်မှာတော့ တရုတ်အခြေစိုက် ဟွာဝေး နည်းပညာကုမ္ပဏီနဲ့ ဆက်စပ် မဟာမိတ်လုပ်ငန်း ၇၀ လောက်ကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ကုမ္ပဏီတွေက ဟွာဝေးကို မဆက်ဆံကြဖို့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတော့တယ်။

ဒါဟာ အမေရိကန် ကုမ္ပဏီတွေက ဟွာဝေးဆီကနေ နည်းပညာတွေနဲ့ ဆက်စပ်ပစ္စည်း ကိရိယာတွေ မဝယ်အောင် တားမြစ်ပိတ်ပင်ခဲ့တာပါ။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ကမ္ဘာ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အမေရိကန်ရဲ့ ကြီးစိုးလွှမ်းမိုးမှုကို သေချာအောင်နဲ့ တရုတ်ရဲ့ အဆင့်မြင့် နည်းပညာနယ်ပယ် တိုးတက်မှုကို နှောင့်ယှက်ဖို့ ရှင်းရှင်းလင်းလင်း ရည်ရွယ်တယ်လို့ စီစီတီဗွီ တရုတ်သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီအစိုးရတွေက တရုတ် တယ်လီကွန်လုပ်ငန်းကြီး ဟွာဝေးထုတ်တဲ့ 5G ကွန်ရက် အခြေခံအဆောက်အဦတွေကို တည်ဆောက်ဖို့ မေလ ၁၈ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

အမေရိကန်အစိုးရက ကြေညာချက် ထုတ်ပြီးတဲ့နောက်မှာ ဂူဂဲလ်၊ အင်တဲလ်၊ ကွဲကွန်းနဲ့ ဘရော့ဒ်ကွန်တို့ပါတဲ့ ကမ္ဘာ့ထိပ်သီး ချစ်ပ်စ်ပုံစံထုတ်သူ ဒီဇိုင်နာနဲ့ ဖြန့်ဖြူးသူ လုပ်ငန်းကြီးတွေကလည်း ဟွာဝေးနဲ့ အဆက်အဆံ ဖြတ်တောက်လိုက်ကြပါတယ်။ ဂျာမန် ချစ်ပ်စ်ထုတ်လုပ်သူ အင်ဖီနီယွန် နည်းပညာလုပ်ငန်းကလည်း ဟွာဝေးကို သင်္ဘောနဲ့ တင်ပို့မယ့် ကုန်စည်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ နစ်ခေးသတင်းဌာနက ရေးပါတယ်။ အမေရိကန် မှတ်ဉာဏ်တု ချစ်ပ်စ်ထုတ်လုပ်သူ မိုက်ခရွန် တက်ကနိုလိုဂျီနဲ့ ဝက်စ်တန်း ဒစ်ဂျစ်တယ်တို့ကလည်း ဟွာဝေးနဲ့ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ အမိန့်ကို လိုက်နာတဲ့အနေနဲ့ ဂူဂဲလ်က ဟွာဝေးနဲ့လုပ်ထားတဲ့ စီးပွားရေးတွေကို မေလ ၁၉ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် လိုင်စင်အရ အများပြည်သူ ရနိုင်တဲ့ နည်းပညာ ဝန်ဆောင်မှုမှအပ hardware, software နဲ့ နည်းပညာ ဝန်ဆောင်မှုတွေကို သုံးစွဲခွင့် ဆိုင်းငံ့ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဟွာဝေးစမတ်ဖုန်း သုံးစွဲသူတွေအနေနဲ့ ဂူဂဲလ်ရဲ့ အန်းဒရိုက်စနစ်ကို အဆင့်မြှင့်တာတွေ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နောက်ထုတ်မယ့် ဟွာဝေး စမတ်ဖုန်းတွေထဲက အန်းဒရိုက်စနစ်ကိုသုံးတဲ့ စမတ်ဖုန်းတွေဟာ လူကြိုက်များတဲ့ Google Play Store ၊ Gmail နဲ့  YouTube အပလီကေးရှင်းတွေ အပါအဝင် လူကြိုက်များတဲ့ ဂူဂဲလ်ရဲ့ ဝန်ဆောင်မှုတွေကို သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ ဟွာဝေးကတော့ သူ့ရဲ့ စမတ်ဖုန်းတွေ တက်ဘလက်တွေကို လုံခြုံရေး အဆင့်မြှင့်တင်တာနဲ့ ဝန်ဆောင်မှုပေးတာတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဟွာဝေးနည်းပညာ ကုမ္ပဏီဟာ အရန်စီမံကိန်း ပလန်ဘီကို စတင်လိုက်ပြီး အရန်ချစ်ပ်စ်တွေကို သုံးရင်း အမေရိကန်ရဲ့ ဒဏ်ခတ်မှုကို ပြန်ခုခံလိုက်ပြီလို့ တရုတ်မီဒီယာအုပ်စု CMG လက်အောက်က တရုတ် ရေဒီယိုအင်တာနေရှင်နယ် CRI က မေလ ၁၉ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။

ဟွာဝေးနည်းပညာကုမ္ပဏီဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး ပိတ်ပင်ချက်အတွက် အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်လို့ အမေရိကန်က ချစ်ပ်စ်တွေ မရှိရင်လည်း ပြဿနာရှိလာမှာ မဟုတ်ဘူးလို့ ဟွာဝေး တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ရန်ကျန်းဖေးက ဂျပန်အခြေစိုက် နစ်ခဲအိသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

ဟွာဝေးနဲ့ မိတ်ဘက်တွေကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတံဆိပ်ကပ် နာမည်ပျက်စာရင်း သွင်းတဲ့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို ရန်က ပြစ်တင်ရှုတ်ချပါတယ်။ သူ့ကုမ္ပဏီဟာ တရားမဝင်တာ ဘာမှ မလုပ်ထားဘူးလို့လည်း ပြောပါတယ်။ ဒဏ်ခတ်မှုကြောင့် ဟွာဝေးရဲ့ တိုးတက်မှု နည်းနည်းနှေးသွားမှာ ဖြစ်ပေမယ့် အမေရိကန်အစိုးရဟာ ကုန်သွယ်ဘက်တွေကို ထပ်ခါတလဲ ခြိမ်းခြောက်မှုအတွက် ယုံကြည်စိတ်ချမှုကို ဆုံးရှုံးလိမ့်မယ်လို့ ရန်ကျန်းဖေးက ပြောပါတယ်။

ဟွာဝေးဟာ အမေရိကန်ဆီက အဆင့်မြင့် ချစ်ပ်စ်ပြားတွေနဲ့ နည်းပညာတွေအားလုံး မရနိုင်တော့တဲ့ အစွန်းရောက် အခြေအနေတွေအတွက် ရပ်တည်ရှင်သန်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားပြီးသားလို့ ဟိုင်းစီလီကွန်လုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဟော့တင်းဘိုက ဝန်ထမ်းတွေကိုပေးတဲ့ ရုံးတွင်းစာစောင်ထဲမှာ ပြောထားပါတယ်။ ၂၀၀၄ ခုနှစ်မှာ စတည်ထောင်ထားတဲ့ ဟိုင်းစီလီကွန်ဟာ ဝိုင်ယာလက်စ် ဆက်သွယ်ရေး၊ စမတ်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် မီဒီယာတွေနဲ့ တခြားနယ်ပယ်တွေအတွက် ချစ်ပ်စ်တွေကို ထုတ်လုပ်ပါတယ်။

အမေရိကန်အစိုးရဟာ မေလ ၂၀ မှာတော့ အမေရိကန်အစိုးရက သုံးစွဲသူတွေ အနှောင့်အယှက် ဖြစ်တာနည်းဖို့ ရည်ရွယ်ပြီး ဟွာဝေးအပေါ် ကန့်သတ်ချက်တွေကို ယာယီ ပြန်ဖြေလျှော့ပေးခဲ့တယ်လို့ ပြောပါတယ်။ ရှိပြီးသား ကွန်ရက်တွေကို ဆက်ထိန်းထားဖို့နဲ့ ရှိပြီးသား ဟွာဝေး လက်ကိုင်ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ်အပ်ဒိတ် ပေးနိုင်စေဖို့ အမေရိကန်ထုတ် ကုန်စည်တွေကို ဝယ်ခွင့် ဟွာဝေး နည်းပညာကုမ္ပဏီကို အမေရိကန် စီးပွားရေးဌာနက ပြန်ခွင့်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်လုပ်ငန်းဟာ ပြင်ဆင်ထားပြီးသားလို့ ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးက တရုတ်အစိုးရရုပ်သံ စီစီတီဗွီနဲ့ မေလ ၂၁ ရက် လူတွေ့မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

ဟွာဝေးဟာ အမေရိကန်လိုပဲ ဒေတာချစ်ပ်စ်တွေ ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့် အမေရိကန်ဆီကနေ ချစ်ပ်စ်တွေ မဝယ်ဘဲနေမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူး။ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဟွာဝေးရဲ့ 5G နည်းပညာကို လိုက်မီမယ့် တခြားလူ မရှိသေးဘူးလို့ ဟောကိန်းထုတ်ထားပြီး နည်းပညာအပေါ် ဘာမှ သက်ရောက်နိုင်မှာ မဟုတ်ဘူး။ အမေရိကန် အစိုးရဟာ ဟွာဝေးရဲ့ လုပ်နိုင်စွမ်းကို လျှော့တွက်ခဲ့တယ်လို့ ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးက ပြောပါတယ်။

ဟွာဝေး နည်းပညာကုမ္ပဏီနဲ့ ဂူဂဲလ်တို့ ၂ ဖက်စလုံးက လက်ကိုင်ဖုန်း အန်းဒရိုက်စနစ် သုံးစွဲမှု တားမြစ်ပိတ်ပင်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ အဖြေရှာနေကြတယ်လို့လည်း ရန်ကျန်းဖေးက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ ဂူဂဲလ်ရဲ့ အန်းဒရိုက်စနစ်ကို ဟွာဝေးက သုံးစွဲမှု ပိတ်ပင်ချက်အပေါ် တုံ့ပြန်ပြောဆိုတာလည်း ဖြစ်ပါတယ်။ ဂူဂဲလ်ရဲ့ ပိတ်ပင်ချက်ဟာ ဟွာဝေးအပေါ် သက်ရောက်မှုတချို့ရှိတယ်လို့ ရန်က အသိအမှတ်ပြု ပြောဆိုပါတယ်။

“ဂူဂဲလ်ဟာ အင်မတန်ကောင်းတဲ့ ကုမ္ပဏီပါ၊ အဖြေတွေကို စဉ်းစားနေပါတယ်၊ ကျနော်တို့ဟာ အဖြေတွေ့ဖို့ ကြိုးစားနေပါတယ်၊ ပိတ်ပင်ချက်ဟာ အရေးပေါ် လုပ်ဆောင်ချက်ပါ၊ ဒီအရေးပေါ် အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်ကို ကျနော်တို့ ဆွေးနွေးနေတယ်”လို့  ရန်ကျန်းဖေးက ပြောပါတယ်။

ဟွာဝေးအတွက် မုန်တိုင်းက မပြီးသေးပါဘူး။ ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းလုပ်ငန်း လေးခုက ဟွာဝေးကထုတ်တဲ့ 5G စမတ်ဖုန်းအသစ်တွေ ဖြန့်ချိတာကို အချိန်ရွှေ့ဆိုင်းထားမယ်လို့ မေလ ၂၂ ရက်မှာ ပြောပါတယ်။

အင်္ဂလန်အခြေစိုက် ချစ်ပ်စ်ထုတ်လုပ်သူ "ARM" က ဟွာဝေးနဲ့ လုပ်ဆောင်နေတဲ့ ကိစ္စမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီလို့ အာရှတိုင်းမ်မီဒီယာမှာ ဖော်ပြပါတယ်။

ARM ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ အသက်သွေးကြောပါ။ ကမ္ဘာပေါ်က  စမတ်ဖုန်း ချစ်ပ်စ် ထုတ်လုပ်သူတွေထုတ်တဲ့ စမတ်ဖုန်း Processor အားလုံးနီးပါးအတွက် CPU နဲ့ GPU ဒီဇိုင်းပုံစံတွေကို ARM ကနေ ဒီဇိုင်းထုတ်ပေးပြီး ဒီ ARM အခြေခံ နည်းပညာတွေကို ချစ်ပ်စ်  ထုတ်လုပ်သူတွေက ARM ဆီကနေ လိုင်စင် ဝယ်သုံးကြရပါတယ်။

ဟွာဝေးအနေနဲ့ ARM မရှိဘဲ ဘာဖုန်းမှ ထုတ်လို့မရတော့ပါဘူး။ ARM ရဲ့ အထောက်အပံ့ မရနိုင်တော့တဲ့အတွက် ချစ်ပ်စ်တွေ ကိုယ်တိုင်ထုတ်မရတော့လို့ တခြားကနေ ဝယ်သုံးမယ်ဆိုရင်တောင် ဒီချစ်ပ်စ်တွေအားလုံးဟာ ARM နည်းပညာတွေနဲ့ပဲဖြစ်လို့ ဟွာဝေးကိုရောင်းပေးဖို့ဆိုတာ တော်တော်ဖြစ်နိုင်ချေနည်းပါတယ်။

တကယ်လို့သာ ဟွာဝေးစမတ်ဖုန်းတွေမှာ ဂူဂဲလ်ရဲ့ ဝန်ဆောင်မှုတွေကို ဆက်သုံးလို့ မရတော့ဘူးဆိုရင် တရုတ်နိုင်ငံ အပြင်ဘက်က ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးနိုင်တယ်လို့ CCS Insight ရဲ့ သုတေသန အရာရှိချုပ် ဘန်းဝုဒ်က ပြောပါတယ်။

ဟွာဝေးရဲ့ ရောင်းအားတဝက်ဟာ တရုတ်ဈေးကွက်ပါ။ တရုတ်နိုင်ငံထဲမှာ တရုတ်ပိုင် အပလီကေးရှင်းကိုပဲ သုံးရပြီး ဂူဂဲလ်ဝန်ဆောင်မှုတွေသုံးဖို့ ခွင့်ပြုမထားဘူး။ ဟွာဝေးအတွက် ပြဿနာကတော့ နဂိုတည်းက ဈေးကွက်အခိုင်အမာ ရပြီးသား အနောက်ဥရောပ ဈေးကွက်ကတော့ အဲဒါက တကယ့်ပြဿနာပဲလို့ သုတေသန အရာရှိချုပ် ဘန်း ဝုဒ်က ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်က ထပ်ဆောင်းခွန် တိုးကောက်တဲ့ စာရင်းထဲမှာ မပါဘဲ ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ နည်းပညာအတွက် မရှိမဖြစ် အရေးပါတဲ့  Rare Earth ရှားပါးဒြပ်စင်တွင်းထွက် သတ္တုပစ္စည်းတွေကို အကြီးအကျယ် သန့်စင်ထုတ်လုပ်တဲ့ စက်ရုံဆီ မေလ ၂၀ ရက်က သွားရောက်လည်ပတ်ခဲ့ပါတယ်။

ကျန်းရှီးပြည်နယ် ဂန်ကျိုးမြို့က ရှားပါးသတ္တု တူးဖော်ရေးနဲ့ သန့်စင်ရေး စက်ရုံတွေဆီကို ရှီက သူ့ရဲ့ အယုံကြည်ဆုံး အကြံပေးနဲ့ ဒုဝန်ကြီးချုပ် လျိုဟော့နဲ့အတူ သွားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ရေးပါတယ်။

တရုတ်ဟာ ရှားပါးသတ္တုတွေ ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်တင်ပို့သူ နိုင်ငံပါ။ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းထိ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် အစိုးရက သတ္တုတူးဖော်မှု အဆင့်ကို စီမံခန့်ခွဲပြီး ထုတ်လုပ်မှုကို ခွဲတမ်းချထားပါတယ်။ အမေရိကန်က ထပ်ဆောင်းခွန်တွေ ထပ်ကောက်တဲ့အပေါ် အပြစ်ပေးတဲ့အနေနဲ့ အမေရိကန်ကို ရှားပါးသတ္တုတွေ တင်ပို့မှုကို တရုတ်က တားမြစ်ပိတ်ပင်နိုင်တယ်လို့ ဘေကျင်းမြို့တော် ရန်မင်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခ ကျင်းကန်ရုံ အရင်အပတ်က ဆောင်းပါး ရေးသားအဆိုပြုခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နိုင်ငံတွင်း အလုပ်အကိုင်ပေါင်း တသန်းနီးပါး ဆုံးရှုံးမယ့်ဘေးတွေ ရှိနေတယ်လို့ စစ်တမ်းတွေကို ကိုးကားပြီး အမေရိကန်နဲ့ တရုတ်ပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။

အမေရိကန်ဟာ တရုတ်တင်ပို့ကုန်တွေကို လျှော့ချနေတယ်၊ တခြားနိုင်ငံတွေက တင်သွင်းကုန်တွေရဲ့ ဈေးက သိသိသာသာ မြင့်လာနေတယ်၊ ဒါဟာ အမေရိကန် ကုန်သွယ်ရေး ယိုယွင်းချက်အတွက် အရေးကြီးတဲ့ အကြောင်းပြချက်ပဲလို့ ရန်မင်တက္ကသိုလ် အမျိုးသား တိုးတက်ရေးနဲ့ ဗျူဟာဌာန ဌာနမှူး ရန်ကျင်းမင်ကပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး အငြင်းပွားမှုဟာ အာရှပစိဖိတ်ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အရိပ်မိုးနေတယ်လို့ ချီလီနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး အန်တိုနီယို ဝေါ့ခ်ကာက အေရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး အေးပက်ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ မေလအစောပိုင်းက ပြောခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း အာဆီယံအနေနဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲတွေကို ဖြေရှင်းဖို့ အရန်စီမံကိန်းတွေကို စပြီး ဆွေးနွေးသင့်ပြီလို့ မေလ ၂၁ ရက်က နှိုးဆော်လိုက်ပါတယ်။ ဇွန်လမှာကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ ဒီကိစ္စကို ထည့်ဆွေးနွေးနိုင်ဖို့ စီးပွားရေးကဏ္ဍက အခြေအနေတွေကို ထိုင်းအစိုးရက သုံးသပ်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

“လောလောဆယ်မှာ ကျေန်ာတို့အပေါ် သက်ရောက်မှု သိပ်မများပါဘူး။ ကျနော်တို့မှာ တယ်လီကွန်ဆက်သွယ်ရေးအပြင် တခြား ကုန်သွယ်ရေးကိစ္စတွေ ရှိပါသေးတယ်။ အခြေအနေကို စီးပွားရေးကဏ္ဍက လူတွေနဲ့ ကျနော်တို့ ဆွေးနွေးပါ့မယ်” လို့ ဝန်ကြီးချုပ် ပရာယွတ်က ပြောပါတယ်။

အမေရိကန်ရဲ့ ကန့်သတ်ချက်အောက်မှာ ဟွာဝေးဟာ လိုင်စင်အတည်ပြုချက် မရှိဘဲ သူ့ထုတ်ကုန်သစ်တွေအတွက် အမေရိကန်ပစ္စည်း အစိတ်အပိုင်းတွေကို ဝယ်ခွင့်မရအောင် တားမြစ်ခံထားရပါတယ်။ တကယ်လို့ လိုင်စင်လျှောက်ထားခဲ့ရင်လည်း ငြင်းပယ်ခံရနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

ဟွာဝေးတည်ထောင်သူ ရန်ကျန်ဖေးကတော့ သူ့လုပ်ငန်းဟာ မုန်တိုင်းကို ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်တယ်၊ ဟွာဝေးအတွက် အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေဖို့ပဲလို့ ပြောခဲ့ပါတယ်။

ဂူဂဲလ်က လိုင်စင်ရုပ်သိမ်းခဲ့ရင်တောင် ဟွာဝေးဟာ ကိုယ်ပိုင်စက်လည်ပတ်ရေး ပရိုဂရမ် OS ကို ထုတ်လုပ်နေပြီး ဒီနှစ် ဆောင်းကုန်ပိုင်းမှာ အသင့်ဖြစ်မယ်လို့ ဟွာဝေးရဲ့ စားသုံးသူဆိုင်ရာ လုပ်ငန်းစု အကြီးအကဲ ရစ်ချတ်ယုက ပြောကြားထားပါတယ်။

သီရိထက်စံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013