
လေထုညစ်ညမ်းမှု၊ ရေထုပျက်စီးနေတာကြောင့် ဆိုးကျိုးတွေ ခံစားနေရတာနဲ့ပတ်သက်ပြီး မြန်မာ-ယမ်စီ ကုမ္ပဏီကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဆည်ကြီးအုပ်စု ထန်းတောကြီးကျေးရွာက ဒေသခံ ၁၀၀ လောက်က မေ ၂၂ ရက် မနက်ပိုင်းက သွားရောက်တင်ပြခဲ့ကြပါတယ်။
ထန်းတောကြီးကျေးရွာနေ ဦးတင်ထွန်းကတော့ “လေထုညစ်ညမ်းမှုတွေ၊ ရေထုပျက်စီးမှု ဖြစ်ပေါ်နေတာရယ်၊ မုတ်သုံရာသီဝင်နေတဲ့အတွက် ဖုန်မှုန့်နဲ့ အက်ဆစ်ငွေ့ဒဏ်တွေ ခံစားနေရကြောင်း၊ အခုလိုတင်ပြမှုတွေကို တိကျရေရာတဲ့ အကြောင်းပြန်ကြားခဲ့မျိုး မရရှိခဲ့ဘူး။ ဒိုင်းနမိုက်ကိုလည်း ပြင်းအားလျော့ခွဲပေးဖို့ အဆောက်အဦတွေ အက်ကွဲနေတာတွေကိုလည်း တာဝန်ရှိသူတွေ လာရောက်ကြည့်ရှု့စေချင်တယ်” လို့ ပြောပါတယ်။
“ရေက သောက်မကောင်းဘူး။ အက်ဆစ်ငွေ့တွေ ဖုန်မှုန့်တွေလွင့်တယ်။ မိုင်းခွဲတဲ့ဒဏ်တွေကြောင့် နေအိမ်အဆောက်အဦတွေ အက်ကွဲမှုတွေရှိနေတာကြောင့် ဆိုးကျိုးပဲခံနေရတယ်။ အိမ်ကရေတွေက သောက်သုံးမရတော့ ချောင်းရေကိုသုံးစွဲနေရပေမယ့် သူတို့ဆီက လွင့်ထွက်လာတဲ့ ဖုန်မှုန့်တွေနဲ့ အက်ဆစ်ငွေ့တွေကြောင့် သုံးစွဲလို့အဆင်မပြေဘူး” လို့ ထန်းတောကြီးကျေးရွာမှ ဒေါ်တုတ်ကပြောပါတယ်။
ထန်းတောကြီးကျေးရွာက ဦးမြို့ရွှေပြောတာကတော့ “ညတွေမှာ အက်ဆစ်ငွေ့တွေကို တိုက်ရိုက်ရှူနေရတယ်။ အိမ်လာလည်တဲ့ ဧည့်သည်တွေဆို ဘယ်လိုမှမနေနိုင်ဘူး၊ အခြားနေရာပြောင်းရွှေ့နေဖို့ဆိုတာလည်း အဆင်မပြေတော့ ဒီနေရာလေးပဲ တွယ်ကပ်နေရတယ်။ မိသားစုစားသောက်ဖို့ ဟင်းသီးဟင်းရွက်လေး စိုက်ပျိုးထားပေမယ့်လည်း အက်ဆစ်ငွေ့တွေကြောင့် စားသောက်လို့ အဆင်မပြေသလို အိမ်မိုးသွပ်တွေဆို အရောင်ပြောင်းတဲ့အထိ ဖြစ်ပေါ်နေတယ်၊ ရေတွေဆိုလည်း သောက်သုံးလို့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
အဲဒီလိုဆိုးကျိုးတွေကို သက်ဆိုင်ရာ မြန်မာ-ယမ်စီ ကုမ္ပဏီလုပ်ကွက်အထိ သွားရောက်တင်ပြခဲ့ပေမယ့် အထက်အဆင့်ဆင့်ကို တင်ပြပေးမယ်လို့သာ လာရောက်တွေ့ဆုံတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
မြန်မာ-ယမ်စီ သတ္တုတူးဖော်ရေးလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်လောက်က ဆားလင်းကြီးမြို့နယ် စံပယ်တောင် ကြေးစင်တောင် လုပ်ကွက်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကြေးစင်တောင်လုပ်ကွက် လုပ်ကိုင်နေပါတယ်။
ကြေးစင်တောင်လုပ်ကွက်မှ လွှင့်စင်လာတဲ့ အက်စစ်ငွေ့နဲ့ ဖုန်မှုန့်တွေ အပါအဝင် တောင်ဖြိုရာမှာ အသုံးပြုတဲ့ မိုင်းခွဲမှုတွေရဲ့ဒဏ်ကို မခံစားနိုင်လို့ ဒေသခံတွေက သွားရောက်တင်ပြခဲ့ကြတာပါ။











