DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်မြေကျူးကျော်မှုဖြင့် တရားစွဲထားသည့် ထွန်းဧရာရွာသား ၂၃ ဦးကို ရုံးထုတ်
DVB
·
May 23, 2019
တပ်ပိုင်မြေကျူးကျော်မှုဖြင့် တရားစွဲထားသည့် ထွန်းဧရာရွာသား ၂၃ ဦးကို ရုံးထုတ်
Donate to DVB

တပ်ပိုင်မြေကျူးကျော်မှုနဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ထွန်းဧရာကျေးရွာသား၂၃ ဦးကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမှတ် ၅ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းက တပ်မတော်ပိုင်နယ်မြေအတွင်း ကျူးကျော်နေထိုင်တယ်ဆိုပြီး တရားစွဲဆိုထားတာပါ။

ပုသိမ်-မုံရွာကားနဘေးမှတ်တိုင်အမှတ် ၆၃/၆နဲ့၆၄/၆ အကြားက မြေဧက ၁၅၀ ကျော်ကို တပ်မတော်က မွေးမြူးရေးခြံလုပ်ရန်ဖို့ဆိုပြီး ၁၉၉၆ ခုနှစ်က သိမ်းယူထားခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ် ပုသိမ်-မုံရွာကားလမ်းမဖောက်လုပ်စဉ်က လမ်းလုပ်သားတွေ၊ ဒေသအတွင်းက အိမ်ခြံမြေမဲ့တွေနဲ့ တောင်ယာလုပ်သူတွေ စုပေါင်းနေထိုင်ရာမှ ထွန်းဧရာကျေးရွာ ဖြစ်ပေါ်လာတာလို့ သိရပါတယ်။

အဲကျေးရွာအတွင်း အိမ်ခြေ ၆၈ အိမ်ကို တပ်မတော်က ပိုင်နက်ကျူးကျော်မှုနဲ့ အမှုဖွင့်အရေးယူပေးဖို့ အင်္ဂပူမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာလို့ မဲဇလီကုန်းနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ဇော်နိုင်ထွန်းက ပြောပါတယ်။

"တပ်မတော်က ဦးတိုက်လျှောက်တော့ ကျနော်တို့ မဲဇလီကုန်းရဲစခန်းကို တရားရုံး ပြန်ချတယ်။ ကျနော်တို့က မြေစာရင်းထွေအုပ်တို့နဲ့ ကွင်းဆင်းပြီး စစ်ဆေးတယ်။ စစ်ဆေးတော့ သူတို့ပြောတဲ့ ၆၈ လုံး မဟုတ်၊ အချို့က လမ်းနယ်ထဲရောက်နေတယ်လေ။ အဲတော့ မြေစာရင်းမြေပုံအရ တပ်မတော်ပိုင်တဲ့အထဲကို အိမ်ခြေ ၃၃ လုံးပဲပါတယ်လေ။ အဲတာကို စစ်ဆေးပြီး တရားစွဲတာပါ။ ဒါပေမယ့် ဆယ်ဦးက စစ်ဆေးမခံတော့ တရားခံပြေးဖြစ်မှာပေါ့။ ခုကျန်တဲ့ ၂၃ ဦးကို ပိုင်နက်ကျူးလွန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇ နဲ့ မေ ၂၁ ရက်နေ မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပါတယ်" လို့ မဲဇလီကုန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်နိုင်ထွန်းက ပြောပါတယ်။

တရားစွဲခံရသူ ထွန်းဧရာကျေးရွာနေ ဦးထွန်းထွန်းက "ကျနော်တို့က အစောပိုင်းကတည်းကနေလာကြတာ။ အချို့ဆို နှစ် ၃၀ ကျော်ပြီ။  ၂၀၁၅ ခုနှစ်မှ စစ်တပ်က သူတို့ပိုင်တယ်ထွက်ပေးပါဆိုပြီး စာတွေဘာတွေ ပေးတယ်။ ကျနော်တို့က အများကြီးမဟုတ် အိမ်ဆောက်ရုံအနေအထားပဲ ပေးနေစေချင်တာပါ။ ဒါမှမဟုတ် စစ်တပ်က စီမံကိန်းတခုခုလုပ်မှ ဖယ်ပေးပါရစေလို့ သနားခံတယ်။ ခုတော့ တရားစွဲတဲ့အထိ ဖြစ်လာတယ်။ ကျနော်တို့ နေဖို့ပဲပေးပါဆိုပြီး ဝန်ကြီးချုပ်ဆီ သနားခံစာတင်ထားတယ်၊ ဒါပေမယ့် ခုအထိတော့ မထူးခြားသေးပါဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013