DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌကို ကသာအကျဉ်းသားများ အချက် ၆ ချက် တောင်းဆို
DVB
·
May 23, 2019
စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌကို ကသာအကျဉ်းသားများ အချက် ၆ ချက် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ၊ ကသာအကျဉ်းထောင် ဧည့်တွေ့ဆောင်မှာ မေလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ အကျဉ်းသားကိုယ်စားလှယ်တွေ တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က အကျဉ်းထောင် ၆ ခုထက်မနည်း ဆူပူမှုတွေဖြစ်ခဲ့တဲ့အထဲမှာ ကသာအကျဉ်းထောင်လည်း ပါဝင်ခဲ့ပြီး အကျဉ်းသားတွေရဲ့ တောင်းဆိုချက်ကြောင့် တွေ့တာလို့ ကသာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပါတယ်။

“၈ ရက်နေ့က ကသာမှာ အကျဉ်းထောင်ဆူပူမှု နည်းနည်းဖြစ်ခဲ့တယ်။ အဲဒီမှာ အကျဉ်းသားတွေက အချက် ၃ ချက်တောင်းဆိုတာပေါ့။ တန်းတူညီမျှခွင့်ရရှိရေး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ မီဒီယာတွေနဲ့ တွေ့ဆုံခွင့်ရရှိရေးပေါ့။ ၉ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ဌာနဆိုင်ရာတွေနဲ့တွေ့ကြတယ်။ အဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်တက်နေတုန်း။ ပြန်လာရင် တွေ့ဆုံနိုင်အောင် စီစဉ်ပေးမယ်လို့ ညှိနှိုင်းထားတာလေး ရှိတယ်။ အဲဒီအတွက် တွေ့တာပါ။”

တွေ့ဆုံပွဲကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဗန်းမောက်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ ဝန်းသိုမြို့နယ်တိုင်းကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ပင်လည်ဘူးမြို့နယ် တိုင်းကိုယ်စားလှယ် ဦးသန်းလှိုင်၊ ထီးချိုင့်မြို့နယ် တိုင်းကိုယ်စားလှယ် ဦးသိန်းဟန်၊ ကောလင်းမြို့နယ် တိုင်းကိုယ်စားလှယ် ဦးတင်စိုး၊ ကသာမြို့နယ် တိုင်းကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတွေနှင့် အကျဉ်းသား/ အကျဉ်းသူ ကိုယ်စားလှယ် ၂၁ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ အကျဉ်းသား ကိုယ်စားလှယ်တွေက နှစ် ၃၀ အတွင်း မပေးခဲ့ဖူးသေးတဲ့ မြေပေါ်မြေအောက် လွတ်ငြိမ်းခွင့်ပေးရေး၊ ပစ္စည်းအနည်းအများပေါ်မူတည်ပြီး ပြစ်ဒဏ်လျော့ပေးရေး၊ မမှန်မကန်စွပ်စွဲခံရပြီး အကျဉ်းကျခံနေရသူတွေ ပြန်လည်စိစစ်ပေးရေး၊ တရားရုံးတွေမှာ အဂတိလိုက်စားမှုတွေရှိနေပြီး ငွေပေးနိုင်မှုအပေါ်မူတည်ကာ ပြစ်ဒဏ်ချမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးရေး၊ တရားရုံးတွေမှာ အမှုတွေကို အချိန်ဆွဲနေခြင်း စတဲ့ အချက် ၆ ချက်ကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။

“သူတို့တောင်းဆိုတဲ့ အဓိက အချက် ၆ ချက်ရှိတယ်။ အဲဒါကိုလည်း ဥက္ကဋ္ဌကြီးက အခုလာမယ့် ဇွန်လဆန်း လွှတ်တော်ပြန်စရင် စာစီ လက်မှတ်ထိုးပြီး သမ္မတထံ တင်ပြပေးမယ်လို့ ကတိပေးခဲ့တယ်။ ကျန်တာကတော့ မူးယစ်အကျဉ်းသားချင်းအတူတူ ပြစ်ဒဏ်တူပေမယ့် မိုးအောင်ရင်လွတ်တာကို မကျေလည်ကြတာပေါ့။ အရင်ကထက် ထောင်က ထမင်းဟင်းတွေ ကောင်းလာတယ်လို့လည်း ပြောကြပါတယ်” လို့ ဦးညီညီထွန်းက ပြောပါတယ်။

တွေ့ဆုံညှိနှိုင်းမှုကို ၁ နာရီကျော်ကြာ ပြုလုပ်ခဲ့ပြီး နောက်နောင် ထောင်ဆူပူတာတွေ မလုပ်ဖို့ ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ တောင်းဆိုကြဖို့၊ ထောင်စည်းကမ်းအတိုင်း နေထိုင်ကြဖို့ကိုလည်း မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ကသာအကျဉ်းထောင်ကနေ နိုင်ငံတော်သမ္မတရဲ့ ပထမအကြိမ် လွတ်ငြိမ်းခွင့်မှာ ၃၃၃ ဦး၊ ဒုတိယအကြိမ်မှာ ၁၀၂ ဦး စုစုပေါင်း ၄၃၅ ဦးကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကသာအကျဉ်းထောင်တွင်း အကျဉ်းကျခံနေရသူ ၁၀၆၆ ဦးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013