DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတ မြန်မာပြည်လာမယ့်အပေါ် အမြင်
DVB
·
November 9, 2012
အမေရိကန်သမ္မတ မြန်မာပြည်လာမယ့်အပေါ် အမြင်
Donate to DVB

အမေရိကန်သမ္မတဟာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ သုံးနိုင်ငံကို နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ သွားရောက်မယ်လို့ အမေရိကန်အိမ်ဖြူတော်က နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန်သမ္မတ အိုးဘားမားဟာ မြန်မာပြည်မှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို အရပ်ဖက်လူထုအခြေပြု အဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့အပေါ် အားပေးပြောဆိုမယ်လို့ ဆိုပါတယ်။

မစ္စတာအိုဘားမားဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ  အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မှာဖြစ်သလို အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံ သံတမန်ဆက်ဆံခြင်း နှစ်ပေါင်း ၁၈၀ ပြည့် အထိမ်းအမှတ်ပွဲကိုလည်း ထိုင်းနိုင်ငံမှာ တက်ဖို့ရှိပါတယ်။

ဒီခရီးစဉ်အတွင်းမှာ စီးပွားရေး၊ အလုပ်အကိုင်ဖန်တီးမှု၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ စွမ်းအင်နဲ့ လုံခြုံရေးရာပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေး စတာတွေနဲ့ ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ နိုင်ငံရေးပါတီတချို့ကို မေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်ကို မေးကြည့်တဲ့အခါ အမေရိကန်သမ္မတခရီးစဉ်ဟာ မြန်မာ့အတွက်ရော ဒေသအတွက်ရော အလွန်ကောင်းတဲ့ခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအချိန်ကာလမှာ အာရှ အရှေ့ဖျားဒေသမှာ နိုင်ငံရေးအခြေအနေတွေ အများကြီး ပြောင်းနေတယ်။ တရုတ်အင်အားတွေ၊ ဂျပန်နဲ့ တရုတ်ဖြစ်နေတဲ့ ပြဿနာတွေ၊ နောက် ဒေသဆိုင်ရာ. ဖိလစ်ပိုင်၊ အကုန်လုံး ကျွန်းကိစ္စပြဿနာတွေဖြစ်နေတုန်း၊ အရှေ့ဖျားရဲ့ နိုင်ငံရေး ပထ၀ီအနေအထားတွေ ပြောင်းနေတဲ့အချိန်မှာ အမေရိကန်ဟာ ပထ၀ီနိုင်ငံရေးအပြောင်းအလဲကို သိသိသာသာ ၀င်လာတယ်။ မြန်မာနိုင်ငံကိုလာတဲ့အခါ ဒီအပြောင်းအလဲတွေထဲမှာ မြန်မာကလည်း ပါဝင်ပြီးတော့ လှုပ်ရှားခွင့်ရပြီးတော့ အမေရိကန်သမ္မတဆီက ကတိစကားတွေ၊ ပြောစကားတွေအတိုင်း ရမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေရှိတယ်လို့ ပြောနေကြပေမယ့် နိုင်ငံရေးအကျဉ်းသား၊ လက်နက်ကိုင်ပဋိပက္ခကိစ္စ၊ အလုပ်သမား လယ်သမားဆန္ဒပြပွဲတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ ခရိုနီတွေကြီးစိုးနေတာတွေ စတဲ့ ပြဿနာတွေကို အမေရိကန်သမ္မတက အကြံဥာဏ်ကောင်းတွေ အများကြီးပေးနိုင်၊ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း သမ္မတရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေလျော့ကျပြီး လူ့အခွင့်အရေးအခြေအနေ တိုးတက်တာကို အသိအမှတ်ပြုမှုဖြစ်သလို ဒီမိုကရေစီသွားနေတယ်ဆိုတာ  အသိအမှတ်ပြုမှုလို့ ယူဆနိုင်တယ်လို့ ပြောပါတယ်။
“တကယ် အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်ရောက်လာတဲ့အခါ မြန်မာနိုင်ငံအဖို့လည်း နိုင်ငံတကာဇာတ်ခုံပေါ်မှာ မြန်မာနိုင်ငံဟာ မေ့ချန်ထားလို့မရတဲ့ နိုင်ငံဖြစ်တယ်။ ပထ၀ီနိုင်ငံရေးအရလည်း အရေးပါတယ်။ ပထ၀ီစီးပွားရေးအရလည်း မထိစပ်လို့မရဘူး။ အရှေ့တောင်အာရှအဖွဲ့ထဲမှာလည်း မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ သယံဇာတပေါကြွယ်ဝမှု၊ လူသားအရင်းအမြစ်ကြွယ်ဝမှု. အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့အတွက် သူ့အနေနဲ့ ဒီအချိန်အခါမှာ လာသင့်ပြီလို့ထင်တဲ့အတွက် ဦးသိန်းစိန်သမ္မတ သက်တမ်းမှာလာတာဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုတွေကို ယုံကြည်လက်ခံလို့ လာတာဖြစ်တယ်လို့လည်း ယူဆပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013