DVB Logo
Home
မြန်မာသတင်း
တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားဆန္ဒပြမှု မပြေလည်သေး
DVB
·
November 9, 2012
တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားဆန္ဒပြမှု မပြေလည်သေး
Donate to DVB

တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားတွေရဲ့ဆန္ဒပြတောင်းဆိုမှု ဥပဒေအပြင် ရောက်နေတဲ့အတွက် လိုက်လျောဖို့ မဖြစ်နိုင်ဘူးလို့ တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ပြောကြားမှုကို အလုပ်သမားတွေ မကျေမနပ်ဖြစ်နေကြပြီး ဒီနေ့ ခုံသမ္မာဓိရုံးမှာ ၂ ဖက်လုံး စစ်ဆေးမှု ခံယူနေကြပါတယ်။

ရန်ကုန်မြို့ ဦးဝိဇာရလမ်းမှာရှိတဲ့ တော်ဝင်မိသားစုကုမ္ပဏီ ရုံးချုပ်မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်ရှင် ဦးကိုကိုထွေးက အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_32726" align="alignleft" width="300" caption="ဆန္ဒဖော်ထုတ်နေကြသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ"][/caption]

“အချုပ်ပြောရရရင် သူတို့တောင်းဆိုချက်တွေသည် ဆောက်လုပ်ရေး လုပ်သားက ဆောက်လုပ်ရေးမလုပ်ချင်ရင် ဘယ်လိုလုပ်ပေးရမလဲ။ နောက် စာချုပ်ကိစ္စ၊ ကျနော်တို့က ချုပ်ပေးတယ်၊ သူတို့ကမချုပ်တာ။ နောက် လူမှုဖူလုံရေးကိစ္စ လူမှုဖူလုံရေးဥပဒေနဲ့လည်း ဆိုင်တယ်။ နောက် အလုပ်သမားတွေရဲ့ အခြေအနေနဲ့လည်း ဆိုင်တယ်။ အမြဲတမ်း ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူတွေကို စာရင်းလည်းပေးပြီးရော သွားကြည့်ရင် အဲအလုပ်သမားက မရှိတော့ပြန်ဘူး။ ဒါကြောင့် နောက်တခါသွားပေးတယ်၊ နောက်လူက မရှိပြန်ဘူး။ ဒီလိုမျိုးတွေဖြစ်တယ်။ နောက် ပြန်ရောက်လာပြန်ရော၊ ဒါတွေက မငြိမ်သက်တဲ့အတွက် အလုပ်သမားတွေကို ဥပဒေအရလည်း လောလောဆယ်ကို လက်မခံသေးတဲ့ အနေအထားပါ။”

အလုပ်သမားပြဿနာကို မြို့နယ်ခုံသမာဓိရုံးမှာ ဖြေရှင်းပြေလည်ပြီး စာချုပ်ချုပ်ဆိုဖို့ ခေါ်ထားပေမယ့် အလုပ်သမားတွေဘက်က မလာရောက်ခဲ့တဲ့အတွက် အခုအချိန်အထိ သဘောတူစာချုပ် မချုပ်ဆိုရသေးဘူးလို့လည်း တော်ဝင်ကုမ္ပဏီ ဘက်က ပြောပါတယ်။

ဦးကိုကိုထွေးက သူတို့အနေနဲ့ အလုပ်သမားတွေ အစာငတ်ခံ ဆန္ဒပြလောက်တဲ့ အပြုအမူတွေမျိုး ဘာတခုမှ မလုပ်ခဲ့သလို အစာငတ်ခံဆန္ဒပြစရာ အကြောင်းမရှိဘဲနဲ့ အခုလို ပြနေတာကို ဥပက္ခာပြုမှာပဲလို့ မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

အလုပ်သမားတွေဘက်ကတော့ အလုပ်ရှင်ဘက် အခုလိုပြောဆိုတဲ့အပေါ် မကျေနပ်ကြောင်းနဲ့  သူတို့တောင်းဆိုချက်တွေ ရတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့  အလုပ်သမား မအိဇာဖြူက ပြောပါတယ်။

“မလုပ်ပေးနိုင်ဘူးဆိုတာက သူက ဘာတွေများလုပ်ပေးခဲ့လို့ ပြောလဲမသိဘူး။ တခါ ဟံသာဝတီ ဦးဝီစာရအ၀ိုင်းမှာ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လေ။ အဲမှာ သူက တောင်းဆိုမှုတွေအားလုံးကို လိုက်လျောပေးပါမယ်။ တောင်းဆိုမှုတွေအပေါ်မှာလည်း စိတ်မဆင်းရဲကြပါနဲ့။ သူ့ဆီလာတယ်လို့လည်း သူမသတ်မှတ်ဘူး။ သူ့ဘက်ကပေးနိုင်တဲ့ အခွင့်အရေးတွေ အကုန်လုံးလည်းပေးပါမယ်။ ပေးနိုင်တာတွေရော တောင်းဆိုတာတွေရော၊ မတောင်းဆိုတာတွေရော အကုန်ဖန်တီးပေးပါမယ်။ မင်းတို့ကလစာတိုးမတောင်းရင်တောင် ဦးက လစာတိုးပေးဖို့အထိ စဉ်းစားထားတာလို့ သူကိုယ်တိုင်ပြောခဲ့တယ်။ သူ လက်ခံတဲ့အထိ လုပ်မှာပါ။ အစာငတ်ခံဆန္ဒပြတဲ့ ၁၀ ယောက်ကလည်း ဒီကိစ္စကို ဖြစ်မြောက်အောင်လုပ်ပါလို့ ပြောတယ်။ အလုပ်သမားတွေအကုန်လုံးကလည်း သူလာရှင်းတဲ့အထိ စောင့်မယ်လို့ပြောထားတယ်။ အဲအတွက် သူ့ဆီကမရမချင်း အခုဖြစ်နေတဲ့ နေရာကနေ တဖ၀ါးမှာ မခွာဘဲနဲ့ ဒီမှာပဲနေမှာပါ။”

အလုပ်သမားတွေကတော့  စက်ရုံအလုပ်သမားတွေအားလုံး အပြင်ဆိုဒ် မထုတ်ဖို့၊  အလုပ်သမားတွေနဲ့ မတိုင်ပင်မညှိနှိုင်းဘဲ စက်ရုံစည်းကမ်းမထုတ်ပြန်ဖို့၊ စက်ရုံတွင်း ၀င်ခွင့်မရတဲ့ အလုပ်သမားတွေကို အွန်ဂျူတီသတ်မှတ်ဖို့၊ လူမှုဖူလုံရေးကတ် ၁ ပတ်အတွင်း လုပ်ပေးဖို့နဲ့ ဆန္ဒတောင်းခံတဲ့ လုပ်သားတွေကို တရားမစွဲဖို့ စတဲ့အချက်တွေကို တောင်းဆိုဆန္ဒပြကြတာ ဖြစ်ပါတယ်။

အလုပ်သမားပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီနေ့မနက်ပိုင်းမှာလည်း  မြို့နယ်ခုံသမာဓိရုံးက ဆင့်ခေါ်တဲ့အတွက် အလုပ်သမား ကိုယ်စားလှယ် ၆ ဦးက သွားရောက် စစ်ဆေးခံခဲ့သလို အလုပ်ရှင်ဘက်က ဒါရိုက်တာနဲ့ မန်နေဂျာ ၂ ဦးလည်း သွားရောက်စစ်ဆေးခံခဲ့ပါတယ်။  ခုံရုံးရဲ့ စစ်ဆေးချက်အမိန့်ကိုတော့ မနက်ဖြန်မှာ ချမှတ်မှာဖြစ်တယ်လို့ မအိဇာဖြူက ပြောပါတယ်။

တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်လောက်ကတည်းက ဆန္ဒပြကြတာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့ကစလို့ အလုပ်သမား ၁၀ ဦး အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရက်ကြာလာတဲ့အတွက် ကျန်းမာရေးချို့တဲ့ပြီး အားနည်းကုန်ကြပြီလို့လည်း အလုပ်သမားအရေး ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013