DVB Logo
Home
Lead Story
တရုတ်နဂါးပတ်လမ်း အစည်းအဝေးက ရှီကျင့်ဖျင်ရဲ့ သတင်းစကား
DVB
·
May 22, 2019
တရုတ်နဂါးပတ်လမ်း အစည်းအဝေးက ရှီကျင့်ဖျင်ရဲ့ သတင်းစကား
Donate to DVB

ကုန်သွယ်စစ်အတွက် အပြီးသတ် အနေအထားတွေကို ဘယ်လိုဆက်ရမလဲ ချိန်ဆလို့ မရနိုင်သေးခင်မှာ တရုတ်ဟာ သူ့ရဲ့ နဂါးပတ်လမ်းအတွက် ဒုတိယအကြိမ် ဘေဂျင်းမှာ ဆွေးနွေးပွဲလုပ်ပြီး ဘယ်သူတွေ ဘယ်လောက် အာရုံစိုက်နေသလဲဆိုတာ လေ့လာကြည့်ခဲ့ပုံရတယ်။ ၂၀၁၇ ပထမအကြိမ် နဂါးပတ်လမ်းအစ အစည်းအဝေးမှာထက် တိုတောင်းတဲ့ မိန့်ခွန်းကို ရှီကျင့်ဖျင်က ပြောခဲ့တယ်။ ဒီမိန့်ခွန်းဟာ ထရမ့်က ရှီကျင့်ဖျင် အိမ်ဖြူတော်ကို မကြာခင် လာဖို့ရှိတယ်ဆိုတဲ့ ဝါရှင်တန်သတင်းအပြီးနဲ့ ချိန်ကိုက်ထွက်လာတာလည်း ဖြစ်တယ်။ သူ့မိန့်ခွန်းက အဓိကကျတဲ့ အချက်တချို့ကို ခုလိုတွေ့ရမယ်။

၁။ ယွမ်ငွေကို တန်ဖိုးမချဘူး (ငွေတန်ဖိုးချပြီး ကုန်သွယ်ရေး အသာစီးရယူမှု မလုပ်ဘူး)

၂။ ကုန်သွယ်စစ်လို့ ဖော်ပြမသွားပေမယ့် တရုတ်ဟာ သဘောတူညီချက်တွေကို လေးစားလိုက်နာသွားမှာဖြစ်တယ် (ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ တရုတ်က ဆွေးနွေးပွဲအတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တုံ့ဆိုင်းနေတယ်ဆိုတဲ့ ဝေဖန်ချက်ကို ဖြေရှင်းထားတာ)

၃။ နည်းပညာပစ္စည်း ပိုင်ဆိုင်မှု အခွင့်အရေးနဲ့ တန်ဖိုးတွေကို လေးစားလိုက်နာမယ် (တရုတ်တွေက အနောက်ကုမ္ပဏီတွေကနေ နည်းပညာတွေ ကူးယူနေတာကို ဖြေရှင်းတယ်)

၎။ ဈေးကွက်ဖွင့်ထားတဲ့ စီးပွားရေးကို ပိုအားကောင်းလာအောင် လုပ်မယ် (တရုတ်ဈေးကွက်ကိုဝင်ရတာ နိုင်ငံတကာကို တရုတ်ဝင်နေတာလောက် မလွယ်ဘူး ဆိုတာကို ပြန်ပြောတယ်)

၅။ နဂါးပတ်လမ်းဟာ တရုတ်တနိုင်ငံတည်းအတွက် မဟုတ်ဘူး (အားလုံး အပြန်အလှန် အကျိုးရှိဖို့လို့ဆိုတယ်)

၆။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပိုလိုက်လျောညီထွေဖြစ်မယ့် ပရောဂျက်နဲ့ ရင်းနှီးမှုတွေကို ကုန်သွယ်မှုတွေကို လုပ်မယ် (more green elements)

နဂါးပတ်လမ်းဆိုပေမယ့် တရုတ်သမ္မတရဲ့ အဓိက သတင်းစကား ၆ ခုထဲက အပေါ် ၄ ခုဟာ ကုန်သွယ်စစ်နဲ့ပဲ ဆက်စပ်နေပြီး နံပါတ် ၅ နဲ့ ၆ ကသာ သူဖိတ်ကြားတဲ့ ဆွေးနွေးပွဲနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ပြောနိုင်တယ်။ နံပါတ် ၆ ဟာ (ယေဘုယျအားဖြင့်) မြစ်ဆုံနဲ့ ဆက်စပ်စဉ်းစားလို့ ရနိုင်တဲ့ သတင်းစကားဖြစ်ပြီး ကုန်သွယ်ရေးစစ်ရဲ့ သက်ရောက်မှုဟာ နဂါးပတ်လမ်းပေါ်မှာ တရုတ် ပြန်လည် စိစစ် နေရာယူနေတယ် ဆိုတာကို ဖော်ပြနေတယ်။ လျာထားချက်နဲ့ တကယ်လက်တွေ့ ဖြစ်နိုင်ခြေတွေ သဲကွဲလာတာနဲ့ တပြိုင်နက်တည်းမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မလေးရှားကို တစုံတရာ အလိုက်ပေးပြီး ပြန်ထိန်းထားခဲ့တယ်။ မဟာသီယာကို နောက်ဆုံးနေ့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ရှေ့ဆုံးတန်းမှာ ထည့်သွင်းထားခဲ့ပြီး (ဒေါ်အောင်ဆန်းစုကြည် ဒုတိယတန်းမှာရှိနေပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တတိယတန်းမှာ ရှိနေတယ်) ရုရှား ပူတင်ဟာ ရှီကျင့်ဖျင်ရဲ့ ညာဘက်မှာ ရပ်နေတာကို တွေ့ရတယ်။ G7 က အီတလီဝန်ကြီးချုပ် တဦးတည်း တက်ရောက်လာပြီး အိန္ဒိယက မလာတဲ့အတွက် အိန္ဒိယနဲ့ ဆက်စပ်နေတဲ့ နဂါးပတ်လမ်းထဲက စင်္ကြံန်လမ်း (Corridor) တခုကို ချန်လှပ်ထားခဲ့ပြီဖြစ်တယ်။ ကုန်သွယ်ရေးစစ်ဟာ မတည်ငြိမ်တဲ့ စီးပွားရေး ငွေကြေးပေါ်လစီတွေကို ပြောင်းလဲဖို့ ဖိအားပေးနေသလို ပထဝီနိုင်ငံရေးမှာလည်း ဇာတ်လမ်းအသစ်တွေကို ဖန်တီးဖို့ ဖြစ်စေခဲ့တယ်။

စစ်တိုက်ချင်ရင် ငွေဘယ်လောက်ရှိသလဲ အရင်တွက်ပါဆိုတဲ့ ဆွန်ဇူးရဲ့ အမှာစကားကို တရုတ်တွေက တခြားသူတွေထက် ပိုနားလည်လိမ့်မယ်လို့ ယူဆရတယ်။

မေနဲ့ ဇွန် မိုးဦးမှာ ဖြစ်မယ့် စီးပွားရေး နိုင်ငံရေး အလှည့်အပြောင်းတွေကို ကြည့်ရင် တရုတ်ဟာ သူ့အိတ်ကပ်ထဲကငွေကို ကုန်သွယ်စစ်ထဲ သွန်ချပြီး ရှေ့ဆက်တိုးမလား၊ အမေရိကန်ကို အချိုသတ်ပြီး နဂါးပတ်လမ်းကို အတိုင်းအတာတခုအထိ တွန်းလုပ်သွားမလား ပိုမိုပေါ်လွင်လာပါလိမ့်မယ်။ ဒုတိယအချက်ဟာ ပိုလို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ရှီကျင့်ဖျင်ရဲ့မိန့်ခွန်းက ဖော်ပြနေတာကို တွေ့ရမှာဖြစ်တယ်။

ကျော်ဇောခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013