DVB Logo
Home
မြန်မာသတင်း
အပူဒဏ်ကြောင့် ရှားပါးမြန်မာ့ကြယ်လိပ် အကောင် ၆၀ ခန့်သေဆုံး
DVB
·
May 22, 2019
အပူဒဏ်ကြောင့် ရှားပါးမြန်မာ့ကြယ်လိပ် အကောင် ၆၀ ခန့်သေဆုံး
Donate to DVB

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘေးမဲ့တောထဲမှာ အခုနှစ်နွေရာသီ အပူချိန် မြင့်မားပြီး ရေခန်းခြောက်တဲ့အတွက် ရှားပါးမျိုးဝင် မြန်မာ့ကြယ်လိပ် အကောင် ၆၀ လောက် သေဆုံးသွားပါတယ်။

ဒီဖြစ်စဉ်က ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ကနေ မေလ ၆ ရက်မှ ၁၅ ရက်အတွင်း မြေပြင်ကွင်းဆင်းရာမှာ ရေဓာတ်ခန်းခြောက်ပြီး သေဆုံးနေတဲ့ ကြယ်လိပ်စုစုပေါင်း အကောင် ၆၀ လောက် တွေ့ခဲ့ရတာလို့ WCS အဖွဲ့ရဲ့ လိပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာ ကလျာပတ်က ပြောပါတယ်။

“ကြယ်လိပ် ၂၀၀၀ လောက်ရှိတယ်။ အဲဒီထဲက ၆၀ လောက် ဆုံးရှုံးသွားတာပေါ့။ ပြင်ပအပူချိန်က ၄၇ ဒီဂရီ စင်တီဂရိတ်ထိ ရှိတာလေ။ လိပ်ဆိုတာက သွေးအေးသတ္တဝါတွေ။ ပြင်ပအပူချိန်အလိုက် သူတို့ခန္ဓာကိုယ်က လိုက်ပူတာ။ ပူတော့ ရေဓာတ်ခန်းခြောက်တယ်။ ကျောက်တည်တာတွေ ဖြစ်တာပေါ့။ ကျန်တဲ့လိပ်တွေကိုလည်း ကန်စွန်းရွက်၊ ဖရဲသီးနဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ ကျွေးတယ်။ တောထဲ သစ်ရိပ်ဝါးရိပ်မရှိတော့ သူတို့ နားခိုစရာနေရာရအောင် ဖန်တီးပေးရတယ်။ ဓာတ်ဆားရေ ထိုးပေးတယ်။ တခြားရောဂါ မဝင်အောင် ပိုးသတ်ဆေး ထိုးပေးတယ်။ တချို့နေရာတွေမှာ ရေဖြည့်ပေးတာတွေ ရှိတယ်။ အခုနောက်ပိုင်းတော့ သေဆုံးတဲ့အထိ မရှိတော့ပါဘူး။ ဒါကိုလည်း အစိုးရကို စာတင်ထားပါတယ်။”

ကြယ်လိပ်တွေ ဆက်လက်သေဆုံးမှု မရှိအောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြုစုစောင့်ရှောက်နေတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအုန်းဝင်းကလည်း ပြောပါတယ်။

ရွှေစက်တော်ဘေးမဲ့တောက မင်းဘူး၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ငဖဲ စတဲ့ မြို့နယ်တွေအတွင်းမှာ ပါဝင်ပြီး အကျယ်အဝန်း ၁၁၄၆၇၈ ဧကကျော်ရှိပါတယ်။ ဘေးမဲ့တောအတွင်း ငှက်၊ တွားသွားသတ္တဝါ၊ လိပ်ပြာ၊ နို့တိုက်သတ္တဝါ၊ ငါး၊ အပင် စတဲ့ မျိုးစိတ်တွေလည်း များစွာရှိနေပြီး ရှားပါး မြန်မာ့ရွှေသမင်တွေလည်း ရှိပါတယ်။

အပူချိန်မြင့်မားနေလို့ ဘေးမဲ့တောအတွင်း ရေကန်တွေမှာ ရေခန်းခြောက်နေတာကြောင့် တောရိုင်းတိရစ္ဆာန်တွေအတွက် ရေရရှိရေး သစ်တောဦးစီးဌာနက ဦးဆောင်ကာ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် မုံရွာ၊ မန္တလေး၊ မတ္တရာ အပါဝင် စေတနာတွေရှင်က ရေလာရောက် လှူဒါန်းတာ၊ ရေရရှိရေးအတွက် ငွေလှူတာတွေလည်း ရှိနေပါတယ်။

ဖန်မီးအိမ်အဖွဲ့ခေါင်းဆောင် ဦးစိန်ဝင်းက “ရေကန်တွေက နည်းတယ်။ ကျဉ်းတယ်။ တိမ်တယ်။ တချို့နေရာတွေပဲ ကားဝင်လို့ရတယ်။ ရေကို မန်းချောင်းကနေ သယ်ရတာ။ ဘောက်ဆာတစီး တခေါက်ကို ဆီဖိုး ကျပ် ၁၀၀၀၀ ကျတယ်။ ၁ နာရီလောက်ကြာတယ်။ ၁၅ မိုင်လောက်တော့ ရှိမှာပေါ့။ ရေပြတ်နေတာ ကြာပြီပြောတယ်။ တခြားအလှူရှင်တွေ လှူတာလည်း ၁၃ သိန်းလောက်ရှိတယ်ပြောတယ်။ ဒါတွေနဲ့ သစ်တောကလည်း နေ့စဉ် ရေကန်တွေကို ရေဖြည့်ပေးနေတယ်။ ကျနော်တို့လည်း ၆ သိန်းခွဲ အများစုပေါင်းပြီး ရေဖိုးလှူခဲ့တယ်။ နောက်နှစ်တွေအတွက်လည်း အဆင်ပြေအောင် ကားဝင်ရတဲ့နေရာမှာ ရေစုကန်ကြီးတူးဖို့ သစ်တောနဲ့ ညှိနှိုင်းခဲ့တာတော့ ရှိပါတယ်” လို့ ပြောပါတယ်။

နွေရာသီရောက်တိုင်း ရေအခက်အခဲ ကြုံတွေ့ရပေမယ့် ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုဆိုးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြယ်လိပ်မွေးမြူရေးစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။

ကြယ်လိပ်တွေကို သဘာဝတောထဲ ပြန်လွှတ်တာ ၂၀၁၈ ခုနှစ်မှာ ၉၅၀ ကောင်၊ ၂၀၁၉ မှာ ၆၅၀ ကောင်ရှိပြီး အကောင် ၃၃၀ ကိုတော့ ခြံလှောင်မွေးထားပါတယ်။ ကြယ်လိပ်တွေက ၁ နှစ်ကို ၄ ကြိမ်ကနေ ၅ ကြိမ် ဥ ဥတတ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013