
မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) ဒေါ်မာလာတင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ ဘဏ်မန်နေဂျာ ဒေါ်မာလာတင်ဟာ တောင်သူလယ်သမားတွေရဲ့ အခက်အခဲအပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေရယူခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့အမှု ကော်မရှင်က အရေးယူလိုက်တာ ဖြစ်ပါတယ်။
တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ဖို့ ကျန်တဲ့ တောင်သူ ၁၁ ဦးရဲ့ တဦးချင်း ပြန်ပေးဆပ်တဲ့ ချေးငွေ ကျပ် ၁၅၄၁၁၀၀၀ နဲ့ ငါးရာခိုင်နှုန်းအတိုး အပိုဆောင်းပေးရငွေ ကျပ် ၇၇၀၅၅၀ ကို မန်နေဂျာ ဒေါ်မာလာတင်က ကိုယ်ကျိုးအတွက် လက်ခံရယူ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မြောင်းမြမြို့မရဲစခန်းမှာ မေလ ၂၁ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











