DVB Logo
Home
မြန်မာသတင်း
၆၁ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
DVB
·
May 21, 2019
၆၁ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
1 / 4
Donate to DVB

၆၁ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဌာနချုပ်အသီးသီးမှာ ဒီကနေ့ မေလ ၂၁ ရက် မနက်က ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်တော်လှန်ရေးအတွက် အသက်သွေးချွေး ပေးလှူသွားခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို အသိအမှတ်ပြု လေးစားဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပြီး RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းမှာဆိုရင် စစ်သည်အင်အား ၁၀၀၀ ကျော်နဲ့ လက်နက်မဲ့ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပါတယ်။

RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက “တပ်မတော်ရဲ့ တဖက်သတ် အပစ်ရပ်ကာလကို အသိအမှတ်ပြု ကြိုဆိုတာရယ်၊ အန်စီအေ လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းဖြစ်တာရယ်၊ ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာစေချင်တာရယ်၊ ကိုယ်က ငြိမ်းချမ်းရေးကို တကယ်လိုချင်ပါတယ်ဆိုတာကို ပြချင်တာရယ် စတာတွေကြောင့် လက်နက်မဲ့ စစ်ရေးပြတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီအခမ်းအနားကို တော်လှန်ရေးရဲ့ အနှစ်သာရဖြစ်တဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်သွားဖို့နဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်အတိုင်း အကောင်အထည်ဖော်သွားဖို့၊ မျိုးဆက်သစ်တွေအနေနဲ့ ရှမ်းပြည်တော်လှန်ရေး သမိုင်းကြောင်းကို သိရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်စေဖို့ ရည်ရွယ်ကျင်းပတာလို့လည်း ဆိုပါတယ်။

RCSS/SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ မိခင်နာရေးရှိတဲ့အတွက် မတက်ရောက်နိုင်ဘဲ တော်လှန်ရေးနေ့ သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး စိုင်းယီကတော့ ရှမ်းပြည်တော်လှန်ရေး ပေါ်ပေါက်လာပုံ၊ ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်ခြင်း၊ အန်စီအေနဲ့ ဖြတ်သန်းတဲ့ ငြိမ်းချမ်းရေးခရီး၊ ရှေ့ဆက် စွဲကိုင်ရမယ့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် မိန့်ခွန်းတွေကို စစ်ဦးစီးချုပ်ကိုယ်စား ပြောသွားပါတယ်။

ဒီကနေ့အခမ်းအနားမှာ တော်လှန်ရေးခရီးစဉ်တွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ တပ်ဖွဲ့ဝင် ၃၀ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ အပ်နှင်းခဲ့ပြီး ကျဆုံးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုပန်းခွေတွေနဲ့ အလေးပြုခဲ့ပါတယ်။

အလားတူ ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို အစိုးရနဲ့ အန်စီအေလက်မှတ် မထိုးရသေးတဲ့ SSA/SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဌာနချုပ် ဝမ့်ဟိုင်းမှာလည်း ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ၁၉၄၈ ခုနှစ်တုန်းက တောင်တန်းနဲ့ ပြည်မ ပူးပေါင်းပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကာ ဆယ်နှစ်ကြာရင် ခွဲထွက်လိုပါက ခွဲထွက်ခွင့်ပြုမယ်လို့ ကတိကဝတ် ပြုခဲ့ပေမယ့် ခွဲထွက်ခွင့်မရတဲ့အပြင် ရှမ်းစော်ဘွားတွေကိုပါ နှိပ်ကွပ်လာလို့ စဝ်နွဲ့ဆောယန္ထ ဦးဆောင်တဲ့ ရှမ်းလူငယ် ၃၁ ဦး ပူးပေါင်းပြီး ရှမ်းပြည်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။

အဲဒီ ရှမ်းလူငယ် ၃၁ ဦးဟာ သံလွင်မြစ်ကမ်းဘေး တနေရာမှာ လက်မောင်းသွေး ကိုယ်စီဖောက်ကာ သစ္စာရေ သောက်သုံးခဲ့တဲ့ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ကို ရှမ်းပြည်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - RCSS


 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013