DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင် ဒိုင်အိုသံတဲ ကျောင်းတော်ကြီး နှစ် ၁၅၀ ပြည့် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ
DVB
·
May 21, 2019
သမိုင်းဝင် ဒိုင်အိုသံတဲ ကျောင်းတော်ကြီး နှစ် ၁၅၀ ပြည့် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ
Donate to DVB

မန္တလေး (ရတနာပုံ) ခေတ်က မင်းညီမင်းသားတွေ ပညာသင်ကြားခဲ့တဲ့ ဒိုင်အိုသံတဲ ကျောင်းတော်ကြီး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် စာအုပ်မိတ်ဆက်ပွဲကို မေလ ၁၉ ရက်က  အမှတ် ၁၀ အထက်တန်းကျောင်း မြနန္ဒာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒိုင်အိုသံတဲ ကျောင်းတော်ကြီးဟာ ကုန်းဘောင်မင်းဆက် ၁၁ ဆက်မှ မင်းတုန်းမင်း လက်ထက် ရတနာပုံခေတ်မှာ တည်ဆောက်ခဲ့ပြီး မင်းညီမင်းသားတွေ ပညာသင်ကြားခဲ့ကြတဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။

မင်းညီမင်းသားတွေဟာ မင်းခမ်းမင်းနား အဆောင်အယောင်တွေ၊ ဆင်တွေ၊ မြင်းရထားတွေနဲ့အတူ ကျောင်းလာတက်ကြရာမှာ အလုပ်အကျွေးပြုသူတွေလည်း ပါလာခဲ့ကြတာကြောင့် ၂၂ လမ်းဘေး တဖက်တချက်က ဇရပ် ၂ ဆောင်မှာ ထားပြီးမှ ကျောင်းအတွင်းဝင်ရကာ ကျောင်းမှာ အင်္ဂလိပ်စာအဓိက သင်ယူကြတာ ဖြစ်ပါတယ်။

ဒီကျောင်းတော်ကြီးကို မင်းတုန်းမင်းကြီး နန်းတည်ခဲ့ပြီး ၁၀ နှစ်အကြာ ၁၈၆၉ ခုနှစ် ဇွန် ၇ ရက်မှာ မင်းတုန်းမင်းသားတော် သုံးဆယ်မင်းသားကြီးနဲ့အတူ ပန္နက်ချ တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန် ၇ ရက်မှာ နှစ်ပေါင်း ၁၅၀ ပြည့်မှာလည်း ဖြစ်ပါတယ်။

ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးကြွယ်က “ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိတယ်။ မင်းတုန်းမင်း နန်းတည်ပြီး ၁၀ နှစ်ကြာမှာ ကျောင်းဆောက်ပြီး ခရစ်ယာန်သာသနာပြုကို ခုလက်ရှိ ၈၆ လမ်း ၂၂ လမ်းမှာ မြေနေရာပေးခဲ့ပြီး သီပေါမင်းနဲ့ အခြားမင်းညီမင်းသားတွေ ကျောင်းတက်ခဲ့ကြတဲ့ သမိုင်းဝင်ကျောင်းကြီးရဲ့ နှစ် ၁၅၀ ပြည့် စာအုပ်ဖြစ်မြောက်ရေးအတွက် ၂ လကျော်ကြာ နေ့မအား ညမအား ကြိုးစားခဲ့ကြရတယ်” လို့ ပြောပါတယ်။

ကျောင်းရဲ့အဝင် ဆိုင်းဘုတ်မှာအရင်က The Royal Diocesan High School Royal လို့ ရေးသားထားပြီး ရာဇဝင်တွင်ခဲ့တဲ့ ကျောင်းကြီးဖြစ်သလို နိုင်ငံခြားသားတွေ ရေးသားခဲ့ကြတဲ့ ဝတ္ထုစာအုပ်တွေမှာလည်း ဒိုင်အိုကျောင်းကြီးဟာ ယနေ့အချိန်ထိ ဇာတ်ကောင်တခုအဖြစ် ပါဝင်နေတဲ့ ကမ္ဘာသိကျောင်းကြီးဖြစ်လို့ စီမံခန့်ခွဲမှု ကောင်းမွန်စွာ ဆောင်ရွက်ခဲ့မယ်ဆိုရင် ခရီးသွားကဏ္ဍကနေ ဒေါ်လာဝင်ငွေ များစွာရနိုင်တယ်လို့ ကဗျာဆရာလွင်မှိုင်း (အင်းဝ) က ပြောပါတယ်။

မင်းတုန်းမင်းလက်ထက်က ရောက်လာတဲ့ သံတမန်တွေကို နေရာချထားပေးခဲ့တဲ့ သံဝင်းအမည်နဲ့ ရပ်ကွက်တည်ရှိခဲ့ပြီး ဒိုင်အို-သံတဲကျောင်းအဖြစ် အမည်တွင်ကာ လန်ဒန်မြို့ အခြေစိုက် (S.P.G) သာသနာပြုအဖွဲ့က စေလွှတ်ခဲ့တဲ့ ဆရာမှတ်ကြီးက ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ပိတ်ခဲ့ရာကနေ ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ဒိုင်အိုစီဇင် သံတဲ အထက်တန်းကျောင်းအဖြစ် အမည်တွင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင်သိမ်းပြီးနောက် အမှတ် ၁၀ အထက်တန်းကျောင်း အဖြစ် ဒီနေ့ထိ တည်ရှိပြီး ပညာတတ်မြောက်မြားစွာ ထွက်ပေါ်ခဲ့တဲ့ သမိုင်းဝင်ကျောင်းကြီးလည်း ဖြစ်ပါတယ်။

ဒိုင်အိုသံတဲ ကျောင်းတော်ကြီး နှစ် ၁၅၀ ပြည့်ပွဲကို စာရေးဆရာ ညီပုလေး၊ ဆရာညီစေမင်း၊ ဆရာမောင်သင်းပန်၊ ဆရာလွင်မှိုင်း (အင်းဝ)၊ စာရေးဆရာကြီးတွေနဲ့အတူ စာအုပ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်တွေနဲ့ စာပေချစ်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013