DVB Logo
Home
မြန်မာသတင်း
စလင်းရေလှောင်တမံ ဘတ်ဂျက်အခက်ခဲကြောင့် မိုးမကျမီ မပြီးစီးမှာကို ဒေသခံများ စိုးရိမ်
DVB
·
May 21, 2019
စလင်းရေလှောင်တမံ ဘတ်ဂျက်အခက်ခဲကြောင့် မိုးမကျမီ မပြီးစီးမှာကို ဒေသခံများ စိုးရိမ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စလင်းရေလှောင်တမံ ပင်မရေပိုလွှဲ ကြမ်းခင်းအောက်ခြေ ပျက်စီးနေမှုကို ပြန်လည်ပြင်ဆင်ရာမှာ ဘတ်ဂျက်အခက်အခဲကြောင့် လုပ်ငန်းနှောင့်နှေးနေပြီး မိုးမကျမီ မပြီးစီးမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ရေလှောင်တမံ သံကူကွန်ကရစ် ရေပိုလွှဲအကျယ် ၄၀၀ ပေကနေ ၂၀၁၈ ခုနှစ် သြဂုတ်လက စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် အောက်ခြေကြမ်းခင်း ပေ ၃၀၀ ကျော် ရေတိုက်စား ပျက်စီးခဲ့တာပါ။

အကြီးစားပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရန်ပုံငွေ သာမန်အသုံးစရိတ်ကနေ ကျပ်သန်းပေါင်း ၃၅၄၀ ကို တွက်ချက်တင်ပြ တောင်းခံခဲ့ရာ ပထမအကြိမ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ သာ ရရှိခဲ့တဲ့အတွက် လုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာပါ။

စလင်းမြို့နယ်၊ ရေတမာကျေးရွာသား ဦးခင်မောင်စိုးက “အခုလောလောဆယ် အရပ်စကားအနေနဲ့ နားမလိုလို ဘတ်ဂျက်ထပ်တောင်းရမယ်လို့ ကြားတယ်။ ကျနော်တို့အနေနဲ့ကတော့ ဖြစ်နိုင်ရင် ပြီးစေချင်တာပေါ့ဗျာ။ ဒေသခံစိုးရိမ်စိတ်ကို ဖြေလျော့နိုင်ဖို့ပေါ့” လို့ ပြောပါတယ်။

ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝေဖြိုးအောင်က “ကျနော်တို့ကတော့ အကောင်းဆုံးလုပ်ချင်တာ။ အကောင်းဆုံးလုပ်ချင်ပေမယ့် ဒီက ဝန်ကြီး ဦးဝင်းမော်ဌေးလည်း သွားရှင်းပြတယ်။ ရုံးချုပ်လည်း သွားရှင်းပြတယ်။ ရန်ပုံငွေရအောင်လို့။ သူတို့လည်း စိုးရိမ်လို့ပေါ့။ ကျနော်တို့လည်း လုပ်ချင်ပါတယ်။ ရတာနဲ့ ကျနော်တို့လည်း လုပ်မှာပါ” လို့ ပြောပါတယ်။

ခွင့်ပြုရန်ပုံငွေနဲ့ တမံအောက်ခြေ ၁၆၀၀ ပီအက်စ်အိုင် ကွန်ကရစ်လုပ်ငန်း ၁၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မတ် ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်ကလည်း တမံ ပင်မရေပိုလွှဲ ကြမ်းခင်းအောက်ခြေ ပျက်စီးတဲ့နေရာကနေ ထပ်မံပြီး ကြမ်းခင်းတချို့ ပြိုကျခဲ့ပါတယ်။

ရေလှောင်တမံကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ် အောက်တိုဘာမှာ စတင်တည်ဆောက်တာဖြစ်ပြီး ၂၀၀၁ ခုနှစ် သြဂုတ်လမှာ ဖွင့်လှစ်ခဲ့တာပါ။

ရေလှောင်တမံကို စလင်းချောင်းပေါ်မှာ မြေသားတမံ အမျိုးအစား တည်ဆောက်ထားတာ ဖြစ်ပြီး ရေဆင်းဧရိယာ ၃၉၇ စတုရန်းမိုင်၊ ရေလှောင်တမံအမြင့် ၂၂၀ ပေ၊ အလျားပေ ၂၇၀၀ ကျော်၊ ရေလှောင်တမံ ထိပ်ပြင်အကျယ် ၂၄ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧက ၁ သိန်း ၃ သောင်းကျော်၊ ကန်ရေလှောင်ပမဏ ဧက ၃ သောင်းကျော်၊ ကန်ရေပြင်ဧရိယာ အကျယ် ၁၃၀၀ ဧကကျော်၊ ဆည်ရေသောက်ဧရိယာ ၃၃၀၀ ဧက ဖြစ်ပါတယ်။

မေ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်တို့ တမံပြုပြင်နေမှုကို ကွင်းဆင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီလို သွားရောက်ကြည့်ရှုခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို ဒေသခံတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တို့ လောလောဆယ် လုပ်စရာရှိတာတွေ လိုအပ်တာတွေ လုပ်နေတယ်။ ဘာမှမပြောချင်သေးဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013