DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှု ဖုံးဖိပေးထားသည့် အထက်အရာရှိများကို အရေးယူမည်
DVB
·
May 20, 2019
အဂတိလိုက်စားမှု ဖုံးဖိပေးထားသည့် အထက်အရာရှိများကို အရေးယူမည်
Donate to DVB

အစိုးရဌာနဆိုင်ရာတွေမှာ အောက်ခြေအဆင့် အဂတိလိုက်စားမှုတွေကို စစ်ဆေးပြီး ဖုံးဖိပေးထားတဲ့ အထက်အရာရှိတွေကို အရေးယူသွားဖို့ရှိတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

မေလ ၂၀ ရက်က ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှစ်ပတ်လည် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားတွေရဲ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းစဉ်မှာ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့  ထည့်သွင်းပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ အသေးစားအဂတိလိုက်စားမှုများ မကျဆင်းရတဲ့ အဓိက အကြောင်းအရင်းတခုက ရုံးဌာနများမှာ အရိုးစွဲနေတဲ့ ဌာနတွင်း အဂတိလိုက်စားမှု (Internal Corruption) များကြောင့် ဖြစ်ရတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကော်မရှင်ရဲ့ စစ်ဆေး တွေ့ရှိချက်များမှာလည်း အောက်မှအထက်သို့ ပံ့ပိုးပေးမှုများကို တွေ့ရှိခဲ့ရသလို အောက်ခြေက အကျင့်ဖောက်ပြန်မှု ကျူးလွန်တဲ့အခါ အထက်က လာစစ်ဆေးသောအရာရှိကြီးများကိုယ်တိုင်က ဖြစ်ရပ်မှန်ကို ဖော်ထုတ်စစ်ဆေးအရေးယူရမည့်အစား ကျူးလွန်ခဲ့သောအပြစ်များကို ဖုံးဖိပြု ပြင်ပေးခဲ့ပြီးတော့မှ ပေါ့လျော့အောင် ပြုလုပ်မှုများကိုလည်း ကော်မရှင်အနေနဲ့တွေ့ရှိပြီး အရေးယူဖို့ လုပ်နေတာ တွေရှိပါတယ်” လို့ ပြောပါတယ်။

အကျင့်ဖောက်ပြန်မှုဟာ ဓလေ့စရိုက်လိုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင် နေရတာဖြစ်တဲ့အတွက် အပြစ်ရှိသူတွေကို တရားစွဲနေရုံနဲ့ အောင်မြင်လာဖို့ မဖြစ်နိုင်သလို ကော်မရှင်တဖွဲ့တည်းနဲ့ အောင်မြင်အောင်မလုပ်ဆောင်နိုင်ဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ကဆိုပါတယ်။

ဒီအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေက တာဝန်ရှိသူတွေအပါအဝင် ပြည်သူလူထု အားလုံးကပါ ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့လည်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

“ကျနော် တို့ကတော့ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသလို ဒီတာဝန်ကို ယူထားပြီးပြီဆိုမှတော့ ဘယ်လောက်အခက်အခဲရှိရှိ ဖြစ်နိုင်တဲ့နည်းလမ်းတွေ အားလုံးကို အသုံးပြုပြီးတော့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စိတ်ဆန္ဒပြင်းပြစွာနဲ့ ဆက်လက်အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားမယ်”လို့ ကော်မရှင် ဥက္ကဋ္ဌက ရှင်းလင်းတင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013