DVB Logo
Home
မြန်မာသတင်း
လယ်မြေသိမ်းအမှု တိုင်ကြားရာတွင် မြေဧရိယာလျှော့ရေးရန် ခြိမ်းခြောက်ခံရ
DVB
·
November 8, 2012
Donate to DVB

မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်ထဲမှာ လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ သမ္မတကြီးဆီ တိုင်စာပေးပို့ခဲ့တာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ခြိမ်းခြောက်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ကပစ ၈ ကာကွယ်ရေးပစ္စည်း စက်ရုံက ရွာသားပိုင် လယ်မြေဧကပေါင်း ၁၂၇၀၀ ကို သိမ်းယူခဲ့တယ်လို့ တိုင်ကြားခဲ့ရာမှာ လိုအပ်တာထက် ပိုရေးမိကြောင်း တောင်းပန်စာရေးပေးဖို့ တပ်ကြပ်သန်းလွင်ဦးက အောက်တိုဘာလ ၁၈ ရက်နေ့က တောင်းဆိုသလို ၂၉ ရက်နေ့မှာလည်း ထပ်မံခြိမ်းခြောက်ခဲ့တယ်လို့ ဘော်မြင့်ရွာ ဒေသခံတဦးက ပြောပါတယ်။

“ဦးပေါ်ဦးက ကိုယ်စားတိုင်တာဆိုတော့ လက်မှတ်ထိုးခိုင်းတယ်။ ဦးပေါ်ဦးကလည်း လူထုတွေ တကယ်ခံစားနေရတာဆိုတော့ သူ့အနေနဲ့ လက်မှတ်ထိုးမပေးနိုင်ဘူးဆိုပြီး ပြောလိုက်တော့ ဗိုလ်မှူးကြီး ဗိုလ်မှူးတွေကိုယ်တိုင် ပြန်သွားတယ်။ အဲလိုပြန်သွားပြီး တရားစွဲမယ်ဆိုပြီးလုပ်တော့ မနေ့က တောင်ပေါ်ကနေပြီး ရဲဘော် သန်းလွင်စိုးဆိုတဲ့ ကောင်လေးလာတယ်။ ၂၉ ရက် ၁၀ လပိုင်းမှာ ကျနော်တို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီး တပ်ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တယ်ဆိုပြီး တရားစွဲ ဆိုတဲ့အမိန့်ကျပြီဆိုပြီး အုပ်ချုပ်ရေးမှူး ဦးပေါ်ဦးကို လာပြီး အသိပေးတာ ဖြစ်ပါတယ်။ ဦးပေါ်ဦးက တရားစွဲရင်းလည်းစွဲ သူ့အနေနဲ့ လက်မှတ် ထိုးမပေးနိုင်ဘူး အချုပ်ကျကျဆိုပြီး ပြောတယ်။ ”

ရွာသားတွေက အမှန်အတိုင်ရေးတာဖြစ်လို့ ပြင်မရေးပေးနိုင်ကြောင်း၊ တကယ်လို့ တရားရုံးက  စစ်ဆေးဖို့ ခေါ်ရင် ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

အသိမ်းခံရတဲ့ လယ်မြေတွေဟာ ဆင်ပေါင်ဝဲမြို့နယ် မကျည်းပင်ပု၊ ဘော်မြင်း၊ ၀ါးကျည်၊ အင်းကြား၊ နတ်ရွာနဲ့ ကျောက်ချက် စတဲ့ ကျေးရွာအုပ်စုပေါင်း ၆ ရွာက ရွာသားပိုင်မြေတွေ ဖြစ်ပြီး ၁၉၉၈ ခုနှစ်က စပြီး အသိမ်းခံခဲ့ရတာဖြစ်တယ်။ ကပစ ၈ က စက်ရုံဆောက်ပြီး ပိုတဲ့မြေတွေကို သီးစားပြန်ချပြီး ငှားရမ်းခဲ့တယ်လို့ ရွာသားက ပြောပါတယ်။

အသိမ်းခံရတဲ့မြေတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးတွေ ပြန်ရဖို့ ရွာသားတွေ စုပေါင်းလက်မှတ်ထိုးပြီး သမ္မတနဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကို ဒီနှစ် ဩဂုတ်လ ၁၃ ရက်နေ့တုန်းက တိုင်ကြားခဲ့တာပါ။

၂၀၁၂ ခု အောက်တိုဘာမှာ နေပြည်တော်က လယ်ယာသိမ်းဆည်းမှု စစ်ဆေးရေး ကော်မရှင်အဖွဲ့က ရောက်လာခဲ့ပေမယ့်လည်း ဒေသထဲထိမဆင်းဘဲ ရွာသားတွေကို မန်ကျည်း တန်းရွာ ဘုန်းကြီးကျောင်းမှာ ချိန်းဆိုခဲ့ပြီး လူမစုံမိ အလျင်စလိုပြန်သွားတဲ့အတွက် စစ်ဆေးမှုပေါ် မကျေနပ်ဘူးလို့ ဒေသခံရွာသားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013