DVB Logo
Home
Lead Story
ပြည်သူကြည်ဖြူသည့် ရန်ကုန်စည်ပင်ဖြစ်လာရေး (အယ်ဒီတာအာဘော်)
DVB
·
May 20, 2019
ပြည်သူကြည်ဖြူသည့် ရန်ကုန်စည်ပင်ဖြစ်လာရေး (အယ်ဒီတာအာဘော်)
Donate to DVB

ယခုရက်ပိုင်း မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများက ရန်ကုန်မြို့တွင်း ရေမြောင်းများကို တူးဖော်ရှင်းလင်းနေသည်ကို တွေ့မြင်နေရသည်။

မိုးရာသီမတိုင်မီ အချိန်မီရှင်းလင်းကြပုံရပြီး ရန်ကုန်တွင် မိုးရွာလျှင် ရေကြီးရေလျှံမှု ဖြစ်ပွားဟူသည့် အစဉ်အလာဆိုးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း ဖြစ်နိုင်သည်။

တချိန်တည်းမှာပင် ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတရပ်တွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ပြောကြဆိုကြသံ ကြားရသည်။

မေ ၂၀ ရက် ပြည်ထောင်စုလွှတ်တော်တွင် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူပြီး ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မည့်ကိစ္စ ပြောဆိုရှင်းလင်းကြခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ရှင်းလင်းတင်ပြချက်အရ ဂျပန်ချေးငွေဖြင့် ရန်ကုန်မိလ္လာပြွန်စနစ် ပြင်မည်၊ ရေကြီးရေလျှံမှုများ မဖြစ်ပွားရန် မြို့တွင်း ချောင်းများ ပြုပြင်မည်၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် လမ်းဆုံလမ်းခွ ၄၃ နေရာ အဆင့်မြှင့်တင်မည်ဟု သိရသည်။

ထို့အပြင် ယင်းချေးငွေဖြင့် ရန်ကုန်နှင့် မန္တလေး ဓာတ်အားဖြန့်ဖြူးမှုစနစ် ပြင်မည်ဟုလည်း ဖော်ပြပါရှိသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ပြည့်စုံတိကျသည့် အစီရင်ခံစာအရ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရန်ကုန်မြို့ မိလ္လာပိုက်လိုင်းများကို စနစ်တကျ အဆင့်မြှင့်တင်မည့် လုပ်ငန်းများသည် ကြိုဆိုရမည့်ကိစ္စ ဖြစ်သည်။

ယခင် ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင် ပုဇွန်တောင်ချောင်း ဖွံ့ဖြိုးတက်ရေးစီမံကိန်း လုပ်ဆောင်ရန် စည်ပင်သာယာ၏ ချေးငွေတင်ပြချက်ကို လွှတ်တော်က ပယ်ချခံခဲ့ရဖူးသည်။

ယခုအကြိမ်တွင်တော့ ပြည်သူ့ငွေစာရင်း ကော်မတီကလည်း ချေးငွေယူသင့်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်က ချေးငွေယူရန် သဘောတူလိုက်သည်။

ချေးငွေပေးမည့် JICA အဖွဲ့နှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီတို့၏ ရှေးဦး လုပ်ငန်းလေ့လာချက်များကလည်း ပြီးပြည့်စုံနေသည်ကို တွေ့ရသည်။

JICA ချေးငွေ ယန်း ၄၅ ဒသမ ၉၀၀ ဘီလီယံဖြင့် ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်း လုပ်ဆောင်မည်။ ယန်း ၂၄ ဒသမ ၀၈၅ ဘီလီယံဖြင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း လုပ်ဆောင်မည်။ ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံဖြင့် မြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်သည်။

ရန်ကုန်ပြည်သူများ၏ အားပေးထောက်ခံမှု မရရှိသေးသည့် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် တန်ဖိုးရှိသည့် ချေးငွေများဖြင့် လက်တွေ့လုပ်ငန်းများ လုပ်ပြပြီး မြို့တော်ကို ပြုပြင်ပါ။ ရန်ကုန်စည်ပင်ကို ပြည်သူထောက်ခံမှု ပြည်သူကြည်ဖြူမှု ရယူရန် အချိန်အခါကောင်းဖြစ်သည်ဟု ရှုမြင်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013