DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ်ခေါင်းဆောင်များကို တရားစွဲ၊ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ
DVB
·
May 20, 2019
ကရင်နီလူငယ်ခေါင်းဆောင်များကို တရားစွဲ၊ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ
Donate to DVB

ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ တရားစွဲဆိုထားပြီး လိုက်လံဖမ်းဆီးနေပါတယ်။

ပြည်နယ်အစိုးရရုံးညွန်မှူး ဦးသက်နောင်က လွိုင်ကော်မြို့မရဲစခန်းကို မေ ၁၆ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်မိုးဦးက ပြောပါတယ်။

“၀န်ကြီးချုပ်ရယ်၊ ဦးမော်မော်ရယ်ပေါ့နော်။ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ကို သူ့က နိုင်ငံတော်သစ္စာဖောက်တို့ ဘာတို့ပေါ့၊ အဲလိုမျိုး အလွဲသုံးစားပြုတာ၊ ပြီးတော့ ကြေညာလိုက်ပြီဆိုတဲ့ ကြေညာစာတန်း ထုတ်လိုက်တာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ အစိုးရရုံးကနေပြီးတော့မှ ညွှန်မှူး ဦးသက်နောင်က တရားလိုလုပ်ပြီးတော့ ၆ ယောက်ကို အမှုဖွင့်ထားတာ။”

ကရင်နီလူငယ်ခေါင်းဆောင်တွေကို ၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ အမှုဖွင့်ထားတာပါ။

ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီလူငယ်တွေက မတ်လ ၂၅ ရက်နေ့က  ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို တရားစွဲဆိုတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဒီလူငယ် ၆ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေပြီး ရဲဝန်ထမ်းတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ကရင်နီလူငယ်ခေါင်းဆောင် ၆ ဦးရဲ့ နေအိမ်ကို မေးမြန်း၊ စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။

“သူတို့ကို ဖမ်းဖို့အတွက် ရှာဖွေစုံစမ်းရမှာပဲလေ။ သူတို့ကို ဆင့်စာပေးစရာ မလိုဘူး။ ကျနော်တို့ကတော့ တွေ့တဲ့နေရာ ဖမ်းမှာပဲ။”

တရားစွဲဆိုခံရတဲ့ လူငယ်တဦးဖြစ်သူ ခူးကြူးဖဲကေးကတော့ သူ့ဆီကို အကြောင်းကြားစာ မရောက်ရှိလာသေးကြောင်းနဲ့ ဒီတရားစွဲဆိုမှု ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီကိုတော့ တရားဝင်ဆင့်ခေါ်စာတော့ မရောက်သေးဘူး။ ရောက်ရင်တော့ ကျနော်တို့ တရားဝင်ရင်ဆိုင်သွားဖို့ အစီစဉ်ရှိပါတယ်။”

စွဲဆိုထားတဲ့ ပုဒ်မ ၁၀ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အနည်းဆုံး ၆ လကနေ  အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် ၃ သိန်း ကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013