DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ကိုင်တွယ်ရန် ဒေါ်စုနှင့် တိုင်းရင်းသားအမတ်များ တိုက်တွန်း
DVB
·
November 8, 2012
ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ကိုင်တွယ်ရန် ဒေါ်စုနှင့် တိုင်းရင်းသားအမတ်များ တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းပြီး ကြိုးကိုင်လှုပ်ရှားသူတွေ၊ အကြမ်းဖက်သူတွေ၊ ဥပဒေချိုးဖောက်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူစီရင်ဆုံးဖြတ်တာတွေကို ပွင့်လင်းမြင်သာစွာ လူထုကိုအသိပေးခြင်းအပါအ၀င် ချက်ချင်း လက်တွေ့ ဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ပြည်ထောင်စုရဲ့ အနာဂတ်ကို ရှေးရှုပြီး အလျင်အမြန်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_32818" align="alignright" width="300" caption="ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့စဉ်"][/caption]

နိုဝင်ဘာ ၅ ရက်နေ့ကလုပ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ညှိနှိုင်းဆွေးနွေးသဘောတူညီချက်အရ နိုဝင်ဘာ ၇ ရက်နေ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ရခိုင်ပဋိပက္ခအတွင်း သေကျေဒဏ်ရာရ ပျက်ဆီးဆုံးရှုံးခဲ့ရတာတွေအပြင် လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေကို ကူးပြောင်းတော့မယ်လို့ နိုင်ငံပိုင်သတင်းစာတွေကတဆင့် ကြားသိရတဲ့အတွက် ပြည်ထောင်စုသားတွေ စိတ်မချမ်းမြေ့ရကြောင်း ဆိုထားပါတယ်။

လူမျိုးဘာသာမခွဲဘဲ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာကြဖို့ ဒီကိစ္စဟာ နက်ရှိုင်းကျယ်ပြန့်ပြီး နူးညံ့သိမ်မွေ့တဲ့အတွက် နှစ်ဘက်ကျေနပ်နိုင်တဲ့ အကောင်းဆုံးရလဒ်ကို ညှိနှိုင်းအဖြေရှာကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဖွား ဌာနေရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို အသိအမှတ်ပြုရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူတွေ၊ အားပေးကူညီနေတဲ့လူတွေ အဖွဲ့တွေ၊ အကြမ်းဖက်သူတွေ၊ ဥပဒေချိုးဖောက်သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန် စစ်ဆေးအရေးယူခြင်း စီရင်ဆုံးဖြတ်ခြင်းကို ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကို အသိပေးရမယ်လို့ ဆိုပါတယ်။

တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ပတ်သတ်လို့၊ ရခိုင်ပြည်အရေးကိစ္စနဲ့ပတ်သက်လို့ အစိုးရရဲ့ တိကျပြတ်သားတဲ့မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူကို ချပြဖို့လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံသားဖြစ်မှုကိစ္စနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတို့ကို နိုင်ငံတော်အစိုးရက ဘယ်လိုကိုင်တွယ်မယ် ဆိုတာ ပြည်သူကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ အကြံပြုထားသလို လူသားချင်းစာနာတဲ့ အကူညီတွေကို လိုအပ်သူအားလုံးအတွက် နှစ်ဘက်လက်ခံနိုင်တဲ့ နည်းတွေနဲ့ အမြန်ဆုံးစီစဉ်ပေးဖို့ လိုတယ်လို့ ပါရှိပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာလည်း နယ်နမိတ်ထိစပ်တဲ့ နှစ်နိုင်ငံစလုံးရဲ့ အစိုးရတွေမှာ တာဝန်ရှိတဲ့အတွက် နှစ်နိုင်ငံစလုံးက ဥပဒေနဲ့အညီ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ရှိရမယ်လို့ ဆိုပါတယ်။ နယ်စပ်ဖြတ်ကျော်မှုတွေကို စနစ်တကျနဲ့ လုံခြုံအောင် နှစ်ဘက်စလုံးက ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013