DVB Logo
Home
မြန်မာသတင်း
အစိုးရပိုင် မီဒီယာများကို ပြောင်းလဲရန် ပြင်ဆင်
DVB
·
November 8, 2012
အစိုးရပိုင် မီဒီယာများကို ပြောင်းလဲရန် ပြင်ဆင်
Donate to DVB

လာမယ့်နှစ်ကစပြီး အစိုးရပိုင် မီဒီယာတွေထဲက တချို့ကို အများပြည်သူဝန်ဆောင်မှုမီဒီယာတွေအဖြစ် ပြောင်းလဲတော့မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြန်ကြာရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒုတိယ၀န်ကြီး ဦးရဲထွဋ်တို့က  အစိုးရပိုင် မီဒီယာတွေကို ပြုပြင်ပြောင်းလဲဖို့ စတင်ပြင်ဆင်နေပြီလို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်တွေကို နေပြည်တော်မှာ မနေ့ညနေပိုင်းက ရှင်းလင်းပြောဆိုခဲ့တာပါ။

၂၀၁၃ ခုနှစ် ဩဂုတ်ကစပြီး မြန်မာအလင်းနဲ့ ကြေးမုံသတင်းစာတွေကို ပြည်သူ ၀န်ဆောင်မှု သတင်းစာအဖြစ် ပြောင်းလဲမှာ ဖြစ်သလို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The New Light of Myanmar သတင်းစာကိုတော့ ဖက်စပ်လုပ်ငန်းအဖြစ် ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကိုတော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းမယ်လို့ ဦးအောင်ကြည်က ပြောဆိုကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် ဦးရဲထွန်းက ဆိုပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲလာနေပြီးဖြစ်တဲ့အတွက် အရင် စစ်အစိုးရခေတ်တုန်းကလို တဖက်သတ်ဝါဒဖြန့်ချိရေး ယန္တရားအဖြစ်သာ ဆောင်ရွက်ခဲ့တဲ့ အစိုးရပိုင်မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ်ပြောင်းလဲဖို့ လိုပြီဆိုတာကို ဦးအောင်ကြည်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အစိုးရပိုင်မီဒီယာတွေဟာ ပုဂ္ဂလိကပိုင်တွေ မလုပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားအရေး စတဲ့ ကဏ္ဍအသီးသီးကို ဖော်ပြပေးမှာဖြစ်ပြီး အဲဒီအတွက် ပြည်ထောင်စု လွှတ်တော်ကနေ ဘတ်ဂျက်တောင်းခံမယ်လို့ ၀န်ကြီးက ပြောကြောင်း ဦးရဲထွန်းက ဆိုပါတယ်။

“ပြည်သူလူထုအတွက် အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး၊ အစရှိတဲ့ဟာတွေအပြင် တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံ သိသင့်သိထိုက်တဲ့ဟာတွေကို ပုဂ္ဂလိကပိုင် မီဒီယာတွေက ဖော်ပြဖို့ လိုနေတဲ့ ကဏ္ဍတွေ ရှိတယ်။ အဲဒါတွေအတွက် အများပြည်သူဝန်ဆောင်မှု မီဒီယာတွေကနေလုပ်ပေးမယ်။ အဲလို လုပ်ပေးတဲ့အတွက် အကျိုးအမြတ်က ရချင်မှရမယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဥပဒေပြုပြီး အခွန်အခ ဘယ်လိုခွဲဝေ သတ်မှတ်ပေးမလဲဆိုတာတွေ သူက ဆွေးနွေးတယ်။”

အများပြည်သူဝန်ဆောင်မှုမီဒီယာတွေကလည်း ပုဂ္ဂလိက မီဒီယာတွေနဲ့ လွတ်လပ်တရားမျှတစွာ ယှဉ်ပြိုင်သွားမယ်လို့လည်း ဦးအောင်ကြည်က ပြောဆိုပါတယ်။

၂၀၁၅ အထိ အစိုးရပိုင် မီဒီယာတွေအနေနဲ့ လွတ်လပ်တဲ့ မူဝါဒဆိုင်ရာ အပြောင်းအလဲ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးရဲထွန်းက သုံးသပ်ပြောဆိုပါတယ်။

“၂၀၁၅ သက်တမ်းအတွင်းမှာ သိသိသာသာပြောင်းလဲလိမ့်မယ်လို့ မမြင်ဘူး။ တင်ဆက်ပုံတွေ နည်းနည်းပါးပါး အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ နောက်တခုက ပြန်ကြားရေးဝန်ကြီးတို့၊ ဒုဝန်ကြီးတို့က ဘယ်လောက်ပဲ မျှတတဲ့ စိတ်ထားရှိပြီး လုပ်ချင်ဦး တိုင်းပြည်ကို အုပ်ချုပ်တဲ့သမ္မတက သူ့ပါတီနဲ့ သူ့လုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် ကိစ္စမျိုးတွေကို ထိန်းလိမ့်မယ်လို့ ထင်တယ်။ ပြီးခဲ့တဲ့ စနစ်ဟောင်းကလည်း ပြောင်းလဲကာစ ဖြစ်တော့ အပြစ်အနာဆာတွေကလည်း များတယ်။ အဲဒါတွေကို ထောက်ပြမယ်ဆိုရင် အစိုးရအဖွဲ့က ကြိုက်မယ်မထင်ဘူး။”

မြန်မာနိုင်ငံ မီဒီယာဥပဒေကြမ်းကိုတော့ ရေးဆွဲနေဆဲဖြစ်တယ်လို့ ဦးအောင်ကြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးစဉ် ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013