DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့က ရှင်ဆောင်းအထည်ချုပ် အလုပ်သမားများ လစာတိုးမြှင့်ရေး ဆန္ဒပြ
DVB
·
November 8, 2012
Donate to DVB

ပဲခူးမြို့ ရှင်ဆောင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ခလစာတိုးမြှင့်ဖို့၊ နားရက်တွေမှာ လစာဖြတ်ထောက်တဲ့ကိစ္စ ဖြေရှင်းဖို့၊ ကျန်းမာရေးစရိတ်ပေးဖို့ အပါအ၀င် အချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ ဒီနေ့ နေ့ခင်း ၁၂ နာရီလောက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြတာလို့ အဲဒီစက်ရုံကို သွားရောက်မေးမြန်းခဲ့တဲ့ ပဲခူးမြို့ခံ ကိုအောင်မျိုးဝင်းက ပြောပါတယ်။

“အဓိက တောင်းဆိုတာက လစာတိုးပေးဖို့ကိစ္စ။ နောက်တချက်က ဒီမှာ ဗမာထဲက စက်ရုံမန်နေဂျာ နှစ်ယောက်ကနေ ကိုရီးယားမန်နေဂျာကို အလုပ်ဖြုတ်တဲ့အတွက် မကျေနပ်ဘူး။ ကိုရီးယားမန်နေဂျာကို ပြန်ပြီး အလုပ်ခန့်ဖို့။ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်ပိတ်တဲ့ကိစ္စကို သူတို့လစာထဲက ဖြတ်တဲ့ကိစ္စ၊ အဲဒါကိုလည်း မကျေနပ်ကြဘူး။ စက်ရုံထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ ဆေးမပေးဘဲနဲ့ ဆေးဖိုးဖြတ်တောက်တာတွေ ရှိတယ်။ အဲအချက်လေးတွေပါ။ အားလုံး ၅ ချက်လောက်ရှိတယ်။”

စက်ချုပ်သမားတွေကို ၃ လပြည့်ရင် လစာတိုးပေမယ်လို့ အလုပ်ရှင်တွေက ပြောဆိုပေမယ့် ၃ လပြည့်ပြီး နိုဝင်ဘာ ၅ ရက်နေ့ လစာထုတ်တဲ့နေ့မှာ လစာတိုးမြှင့်ခြင်း မရှိပါဘူး။

ဒါကို သွားရောက်ပြောဆိုရာမှာ မန်နေဂျာကနေပြီး ၁၅၀၀ လောက်ပဲ ပေးတဲ့အတွက် အဲဒီနေ့ကတည်းက အလုပ်သမားတွေ မကျေမနပ်ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

အလုပ်သမားတွေ အခုလို ဆန္ဒပြတဲ့အတွက် အလုပ်ရှင်တွေအပါအ၀င် ပဲခူးမြို့အလုပ်သမားရုံး ဥပေဒစစ်ဆေးရေးအရာရှိ ဦးအောင်ကျော်ဦးအပါအ၀င် အရာရှိတချို့နဲ့ အလုပ်သမားတွေ ညနေပိုင်း မှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲရလဒ်ကို မနက်ဖြန် အလုပ်သမားတွေအကြား တရားဝင်ဖြန့်ချိသွားမယ်လို့ လို့ ပြောဆိုကြောင်း ဆန္ဒပြအလုပ်သမားတဦးက ပြောပါတယ်။

“သူတို့က ၁၀ ယောက်ကို အထဲခေါ်သွားတယ်။ နေ့ခင်း ၁ နာရီကတည်းက ခေါ်သွားတာ ၄ နာရီခွဲထိ ပြန်ထွက်မလာသေးဘူး။ အကုန်လုံး အဲ ၁၀ ယောက်ကို စောင့်နေကြတယ်။ ၁၀ ယောက် ပြန်ထွက်လာတော့ မနက်ဖြန်မနက် စာရွက်ကပ်ပေးမယ်လို့ ပြောတယ်တဲ့။ အဲအပေါ်မှာ ကြည့်ပြီး ကိုယ်လုပ်နိုင်ရင်လုပ်ပေါ့။ ကျမတို့လို အလုပ်သမားတွေရှိမှ သူတို့အတွက် အထည်ဆိုတာ ရလာမှာ။ သူတို့ဘက်က မတိုးပေးသရွေ့ ဒီလိုပဲ ဆန္ဒပြနေဦးမှာပဲ။”

အလုပ်သမားတွေဘက်ကတော့ သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အလုပ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။
ရှင်ဆောင်းအထည်ချုပ်စက်ရုံဟာ ကိုရီးယားပိုင်ဖြစ်ပြီး အလုပ်သမား ၁၅၀၀ လောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013