DVB Logo
Home
မြန်မာသတင်း
အေအေနှင့်ဆက်နွှယ်မှုကြောင့် ရွှေပြည်ကျေးရွာရာအိမ်မှူးကို ဥပဒေအရအရေးယူမည်ဟု တပ်မတော် ထုတ်ပြန်
DVB
·
May 18, 2019
အေအေနှင့်ဆက်နွှယ်မှုကြောင့် ရွှေပြည်ကျေးရွာရာအိမ်မှူးကို ဥပဒေအရအရေးယူမည်ဟု တပ်မတော် ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ရာအိမ်မှူး ဦးသိန်းစောအောင်ကို အေအေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှုကြောင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ တပ်မတော်က ​မေလ ၁၇ ရက်​​နေ့မှာ သတင်းထုတ်ပြန်ပါတယ်​။

ကျောက်တော်မြို့နယ်​ ရွှေပြည်ကျေးရွာအတွင်း အေအေအဖွဲ့ဝင်တွေ အရပ်သားအသွင် ပုံဖျက်စိမ့်ဝင်လှုပ်ရှားနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မေ ၁၆ ရက် မနက်ပိုင်းက ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာအုပ်​ချုပ်​​ရေးမှူးအား ဖမ်းဆီးစစ်​​ဆေးရာ ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်က နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအား ဓာတ်ပုံရိုက်ယူနေတာ တွေ့ရှိရလို့ ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ အေအေအဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဓာတ်ပုံအထောက်အထားအချို့နဲ့ နေအိမ်အတွင်းမှ ထုပ်ပိုးထားတဲ့ ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာတွေ၊ ဓာတ်ဆားထုပ်တွေနဲ့ အခြားစားသောက်ကုန်ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အေအေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရွှေပြည်ကျေးရွာတာဝန်​ခံ ဦးသိန်းစိုးအောင် ​ဇနီးဖြစ်သူ ဒေါ်မိုးမိုးရီက ​"ကျမယောက်ျားမှာ ဘာအပြစ်​မှမရှိပါဘူး စစ်တပ်တွေ ရွာကို ရောက်လာတယ်၊ ကျမအိမ်ရှင်လည်း အိမ်မှာရှိပါတယ်။ ကျမတို့က ရွာမှာ ရိုးရိုးသားသား လုပ်​ကိုင်​​စား​သောက်​သူ​တွေသာဖြစ်​တယ်။ ဈေးဆိုင်ကြီး ဖွင့်​ရောင်းချသူပါ။ ဈေးဆိုင်တွေက ၀န်ထမ်းတွေကို ဆိုင်မှာထားသလို အိမ်အောက်မှာထားပါတယ်။ ကျမတို့က အနီးအနားက ဆိုင်အသေးလေးတွေကိုလည်း ရောင်းပါတယ်။ သူတို့က တပ်​ကကျွှန်​မ အိမတ်တို့အိမ်​ကို လာဝိုင်းပါတယ်။ ပြီးရင် ဆိုင်ပစ္စည်းတွေကို ကျမတို့ ဈေးဆိုင်အနီးမှာ စုပုံပါတယ်။ ဓာတ်ပုံရိုက်ပါတယ်။ ကျမယောက်ျားကိုလည်း ဓာတ်ပုံရိုက်ပါတယ်။ ပြီးရင် ညနေ ၅ နာရီကျော်မှာ ကျမယောက်ျားကို သူတို့စခန်းချတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပါတယ်။ သူက ကျန်းမာရေးလည်း ကောင်းတာမဟုတ်​ပါဘူး" လို့ ပြောပါတယ်။

မျက်မြင် ရပ်ရွာလူကြီးတဦးက​ “သူတို့မိသားစုက ​ရောင်း​ကောင်း ​ရောင်းဝယ်​ပြုပြီး လုပ်​ကိုင်​စား​သောက်​​နေကြတာပါ။ ရွာမှာ ဆိုင်ကြီးဖွင့်ပြီး ရောင်းပါတယ်။ ​မေ ၁၆ ရက်​ ညနေ ၅ နာရီခွဲမှာ သူ့အိမ်ကို မသင်္ကာလို့ဆိုပြီး ၀င်ရောက် ရှာဖွေတာတွေ လုပ်တာ​တွေ့ရတယ်။ ​နောက်​ပြီး ရွာက လူတွေကိုလည်း မှတ်ပုံတင် ဘုန်းကြီးကျောင်းကို ယူလာပြရမယ်ဆိုလို့ သွားပြကြပါတယ်" လို့ ​ပြောပါတယ်​။

ရွှေပြည်​​ကျေးရွာမှာ အိမ်ခြေ ၆၀၀ ​ကျော်၊​ လူဦး​ရေ ၄၀၀၀ ​ကျော်​ရှိ​တယ်လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013