DVB Logo
Home
မြန်မာသတင်း
နိုင်ငံတွင်း တောက်နေသည့် အပူမီးများငြိမ်းစေရေး မေတ္တာတိုးပွားအာင်လုပ်ရန် အတိုင်ပင်ခံ ပြော
DVB
·
May 18, 2019
နိုင်ငံတွင်း တောက်နေသည့် အပူမီးများငြိမ်းစေရေး မေတ္တာတိုးပွားအာင်လုပ်ရန် အတိုင်ပင်ခံ ပြော
Donate to DVB

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားထက်ပိုပြီး အရေးကြီးတာက နိုင်ငံထဲမှာ တောက်နေတဲ့အပူမီးတွေကို ငြိမ်းသွားအောင်လုပ်နိုင်မယ့် မေတ္တာတွေကို တိုးပွားအောင်လုပ်ဖို့ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မနေ့မနက်ပိုင်းက မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ ဖွင့်ပွဲမှာ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံ ပိုပြီးတော့ လင်းလာအောင် ပြည်သူပြည်သားများ ကြိုးစားပေးကြပါလို့ ထပ်တလဲလဲ မေတ္တာရပ်ခံခဲ့သလို ယခုလည်း ထပ်ပြီး မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့နိုင်ငံဟာ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကနေစပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ၁ဝဝ ရာခိုင်နှုန်း ဆိုတာ မရခဲ့ပါဘူး။ တချိန်လုံး ဟိုနေရာမဟုတ် ဒီနေရာ ပြည်တွင်းပဋိပက္ခမီးတွေက တောက်လောင် နေတာတွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားထက် ပိုပြီးတော့အရေးကြီးတာက ကျမတို့နိုင်ငံမှာ တောက်နေတဲ့အပူမီးတွေကို ဘယ်လိုငြိမ်းသွားအောင် လုပ်ပေးနိုင်မလဲဆိုတာ ပညာတွေထက် မေတ္တာတွေကို တိုးပွား အောင်လုပ်ဖို့ဖြစ်ပါတယ်။ လျှပ်စစ်မီးရခြင်း ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာအရ၊ နည်းပညာပိုင်းဆိုင်ရာအရ ပြည်သူတွေကို အလင်းပေးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ရဲ့နိုင်ငံ တကယ့်ကိုလင်းဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင် ကြိုးစားရမှာပါ။ လျှပ်စစ်မီးရဲ့ လင်းနိုင်တဲ့ အင်အားထက်ပိုပြီးတော့ ကြီးတာဟာ ပညာအလင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာအလင်းထက် ပိုပြီးတော့တောင် တန်ဖိုးရှိတာဟာ မေတ္တာအလင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာနေတဲ့ခေတ်မှာ စိတ်ပိုင်းဆိုင်ရာတိုးတက်ပြီး တမူထူးခြားတဲ့ နိုင်ငံသားတွေ အဖြစ် ကမ္ဘာကြီးကို အကျိုးပြုစေချင်တယ်လို့လည်း ပြောပါတယ်။

“တနိုင်ငံလုံးကို မကြာမီကာလအတွင်း (လျှပ်စစ်ဓာတ်အား) ၁ဝဝ ရာခိုင်နှုန်းရဖို့ ကျမတို့ရဲ့ မျှော်လင့်ချက်တွေ စီမံကိန်းတွေ အောင်မြင်တဲ့အခါမှာ ဒီနိုင်ငံဟာ တမူထူးခြားပြီး တိုးတက်တဲ့ နိုင်ငံတခုဖြစ်လာစေချင်ပါတယ်။ ဘာဖြစ်လို့ တမူထူးတယ်လို့ ပြောချင်တာလဲဆိုတော့ အခု ကမ္ဘာကြီးမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအင်မတန်မှ ဦးစားပေးပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဦးစားပေးလို့ ဖြစ်ပေါ်လာတဲ့ လူမှုရေးပြဿနာတွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အခုထိအဖြေမပေါ်သေးပါဘူး။ ကျမတို့နိုင်ငံအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက စရုံပဲ ရှိသေးတဲ့အပေါ်မှာ တိုးတက်ဆဲနိုင်ငံ ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့အချိန်ကစပြီးတော့ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့ လိုပါတယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေသာ ကျမတို့မှာ ရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိနေတဲ့ နိုင်ငံတွေထက ပိုပြီးတော့ ကျမတို့ရဲ့ ပြည်သူ ပြည်သားများဟာ အဖိုးတန်တဲ့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။

အခုဖွင့်လှစ်တဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓာတ်အား ၁၄၅ မဂ္ဂါဝပ် ထွက်ရှိမှာ ဖြစ်ပြီး အခုအစိုးရတာဝန်ယူပြီးနောက်ပိုင်း မန္တလေးတိုင်းထဲမှာ သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်ငွေ့သုံးစက်ရုံတွေကနေ စုစုပေါင်း ၅၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လျှပ်စစ်ဓာတ်အားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တွေထဲက တခုဖြစ် ပါတယ်။ ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ အတော်များများမှာဆိုရင် ၈ဝ ရာခိုင်နှုန်းကျော် ၉ဝ ရာခိုင်နှုန်း ကျော်၊ ၁ဝဝ ရာခိုင်နှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ပေမယ့် ကျမတို့နိုင်ငံမှာ အခု အချိန်အထိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းတောင် မပြည့်သေးတာကို တွေ့နေရ ပါတယ်။ ဒီနှစ်မကုန်ခင်မှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေး နိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါဟာ ကျမတို့ ၂ဝ၁၆ ခုနှစ်တုန်းက ၃ဝ ရာခိုင်နှုန်း လောက်ကနေပြီးတော့ အခု ဒီနှစ်မကုန်မီ ၅ဝ ရာခိုင်နှုန်းအထိ ရောက်ဖို့အတွက် ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ လာမယ့် ၂ဝ၂၅ မှာဆိုရင် တနိုင်ငံလုံး ရာနှုန်းပြည့် သုံးစွဲနိုင်မယ်လို့မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။

ဒီနိုင်ငံဟာ ပြည်ထောင်စုဖြစ်တာကြောင့် နိုင်ငံထဲမှာ ဘာပဲလုပ်လုပ် တနိုင်ငံလုံးအတွက် မျှမျှတတဖြစ်လား ဆိုတာကို စဉ်းစားရသလို ပြည်ထောင်စုတခုလုံး ချမ်းသာလာရုံတင်မက ပိုပြီး ညီညွတ်လာအောင်၊ တယောက်နဲ့ တယောက်ကြားမှာ နားလည်မှုပိုပြီးရှိလာအောင် ဦးတည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ရတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013