လက္ကာကျေးရွာသား ၂၄ ဦးကို ဒုတိယအကြိမ် ရမန်ယူ

ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၄ ဦးကို မေ ၁၇ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရမန်ယူခဲ့ပါတယ်။
လက္ကာရွာသား၂၇ ဦးကို ဧပြီလ ၁၀ ရက်နေ့က တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးနေစဉ်မှာ အဲဒီထဲက ၃ ဦးမှာ သေဆုံးသွားပါတယ်။ အဲဒီအထဲက ကျန်ရှိနေတဲ့ ၂၄ ဦးကို မေ ၂ ရက်နေ့မှာ တပ်မတော်ကတဆင့် ရဲတပ်ဖွဲ့ကို လွှဲအပ်ခဲ့ပြီး အဲဒီနေ့မှာ ပထမအကြိမ် ရမန်ယူခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံနေရဆဲဖြစ်တဲ့ ရွာသားတွေကို နှိပ်စက်မေးမြန်တာတွေ ရှိတဲ့အတွက် ဒဏ်ရာကိုယ်စီရထားကြပြီး ဆေးကုသခွင့်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ မောင်ထွန်းလင်းကျော်ရဲ့ အစ်မ ဒေါ်သာနုစိန်က ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ဆယ်တန်းကျောင်းသား မောင်စိုးမိုးကျော်ရဲ့ မိခင်က "ဒီကလေးတွေကို ဘာလို့ ဒီလောက်အကြာကြီး ရုံးချိန်းနေရလဲဆိုတာ မကျေနပ်ဘူး။ ကျမကလေးကို ဆယ်တန်းရှုံးရင်လည်း ပြန်ထားမယ်။ ဆယ်တန်းအောင်ရင်လည်း နောက်ပညာတွေ ဆက်သင်ဖို့ ဆန္ဒရှိတယ်။ အဲဒါကြောင့် အမြန်ဆုံးပြန်လွှတ်စေချင်ပါတယ်" လို့ ပြောပါတယ်။
ဒီကနေ့မှာ သူတို့ကို ၁၀ ဦးတကြိမ်၊ ၁၄ ဦးတကြိမ် နှစ်ဖြတ်ခွဲ ရမန်ယူခဲ့တာဖြစ်ပြီး မေလ ၃၁ ရက်နေ့မှာတော့ ပထမအကြိမ် ရုံးချိန်းအဖြစ် ချိန်းဆိုးထားပါတယ်။
အကြောင်းစုံကို သိနိုင်ဖို့ သူတို့ကို ထိန်းသိန်းထားတဲ့ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှူး ဒုရဲမှူးအောင်မြဦးကို ဖုန်းဆက် မေးမြန်းပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။
ဧပြီ ၁၀ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်း ၃၁ ကို ၀င်ရောက်တိုက်ခိုက်ထွက်ပြေးသွားတဲ့ အေအေအဖွဲ့ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးမှာ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အေအေတပ်ဖွဲ့ဝင် တချို့က လက္ကာရွာထဲကို ၀င်ပြေးသွားလို့ လိုက်လံရှင်းလင်းရာမှာ အေအေနဲ့ ပတ်သက်တဲ့သံသယနဲ့ ရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခဲ့တဲ့ လက္ကာကျေးရွာသား ၂၇ ဦးထဲမှာ ၁၈ ဦးက အေအေတပ်ဖွဲ့ဝင်ဖြစ်ပြီး ရဲတပ်ဖွဲ့အား တိုက်ခိုက်သူတွေဖြစ်ကြောင်း၊ ကျန်သူတွေကတော့ အမာခံနဲ့ သံသယရှိသူတွေ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောကြားထားပါတယ်။
သတင်း-ဝဏ္ဏခွာညို











