DVB Logo
Home
မြန်မာသတင်း
အစိမ်းရောင်စီအိုင်စာအုပ် ကိုင်သူများကို နေထိုင်ခွင့်သက်တမ်း ၉ လတိုးပေးရန် ထိုင်းသဘောတူ
DVB
·
May 17, 2019
အစိမ်းရောင်စီအိုင်စာအုပ် ကိုင်သူများကို နေထိုင်ခွင့်သက်တမ်း ၉ လတိုးပေးရန် ထိုင်းသဘောတူ
Donate to DVB

ထိုင်းနိုင်ငံမှာ အစိမ်းရောင်စီအိုင်စာအုပ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေထိုင်ခွင့်သက်တမ်း ၉ လတိုးပေးဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက အစိမ်းရောင် (စီအိုင်) စာအုပ်ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်မှာ စာအုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အဲဒီမတိုင်ခင် အမ်အိုယူစနစ် ပြန်လုပ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စီအိုင်စာအုပ်ကိုင် အလုပ်သမားတွေ စိုးရိမ်နေကြတာပါ။

အမ်အိုယူစနစ်နဲ့ အလုပ်သမားကတ် ပြန်လုပ်မယ်ဆိုရင် ပတ်စပို့စာအုပ်အနီ ပြန်ပြောင်းကာ အလုပ်သမားကတ် ပြန်လုပ်ရမှာကြောင့် ငွေကြေးတွေ ထပ်ကုန်မှာနဲ့ အချိန်မီ မပြီးစီးမှာကို စိုးရိမ်နေကြတာပါ။

ဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မေလ ၁၃ နဲ့ ၁၄ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံ ဖူးကက်မြို့မှာ ကျင်းပသွားတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဘက် တာဝန်ရှိသူတွေက ၂၀၂၀ မတ်လ ၃၁ ရက်တွင်း ဗီဇာနဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမယ့် သူတွေကို နောက်လာမယ့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ နောက်ထပ် ၉ လ သက်တမ်းတိုးပေးမယ့်အကြောင်း သဘောတူခဲ့တယ်လို့  ထိုင်းရောက် မြန်မာအလုပ်သမား သံအရာရှိ ဦးဇော်မင်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

“၁၃ နဲ့ ၁၄ ရက်နေ့က လုပ်ခဲ့တဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ ထိုင်းဘက်က ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ နောက်ထပ် ၉ လ သက်တမ်းတိုးပေးမယ်လို့ ပြောတယ်ခင်ဗျ။ ဒါပေမယ့် ထုတ်ပြန်ကြေညာချက်ကတော့ မထွက်သေးဘူး။ သဘောတူထား တဲ့အဆင့်မှာပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ပိုပြီး ချောမွေ့ကောင်းမွန်တဲ့ အမ်အိုယူ နည်းလမ်းတွေ ကို အလုပ်အဖွဲ့ချင်း ပြန်ဆွေးနွေးပြီး လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။”

ဒါကြောင့် အစိမ်းရောင်စီအိုင်စာအုပ်ကိုင်ဆောင်သူ အလုပ်သမားတွေအနေနဲ့ စိုးရိမ်စရာမလိုဘဲ မိမိစာအုပ်သက်တမ်းကုန်သည်ထိ နေထိုင်လုပ်သွားကြဖို့၊ ဒီကြားထဲ အစိမ်းရောင်စာအုပ်ဖြစ်စေ၊ ခရမ်းရောင်ယာယီနိုင်ငံကူးလက်မှတ်ဖြစ်စေ မိမိသဘောဆန္ဒ အလျောက် စာအုပ်အနီ (မြန်မာနိုင်ငံကူးလက်မှတ်) နဲ့ အမ်အိုယူပြောင်းလိုက သွားပြောင်းနိုင်ပြီး မြန်မာပြည်  ပြန်သွားဖို့ အဆင်မပြေက ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ရှိ သာမာန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိပ်ကို သွားရောက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ် (မူရင်း) နဲ့ အိမ်ထောင်စုဇယား မိတ္တူတွေ လိုအပ်တယ်လို့ ဦးဇော်မင်းထွေးက ပြောသွားပါတယ်။

မေလ ၁၃ - ၁၄ နေ့က ဖူးကစ်မှာ ကျင်းပသွားတဲ့  ထိုင်း-မြန်မာနှစ်နိုင်ငံဆိုင်ရာ အလုပ်သမားဆွေးနွေးပွဲမှာ မြန်မာဘက်က အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန အလုပ်သမား ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းရှိန်နဲ့ ထိုင်းဘက်က အလုပ်သမား ညွှန်ကြားရေးမှူးချုပ် နန်းဖစ်ခ်ျရတ် ဆင်အွေတို့ ဦးဆောင်ဆွေးနွေးပြီး ထိုင်းရောက် မြန်မာအလုပ်သမားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013