DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ရဲဝန်ထမ်းအိမ်ရာတွင် ရဲအုပ်နှင့်ဇနီး သေနတ်ဒဏ်ရာများဖြင့် သေဆုံး
DVB
·
May 17, 2019
မိတ္ထီလာ ရဲဝန်ထမ်းအိမ်ရာတွင် ရဲအုပ်နှင့်ဇနီး သေနတ်ဒဏ်ရာများဖြင့် သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မ ရဲစခန်းဝင်းရှိ ရဲဝန်ထမ်းအိမ်ရာမှာ မေ ၁၆ ရက် မနက်က ရဲအုပ်နဲ့ဇနီးတို့ သေနတ်ကျည်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မိတ္ထီလာမြို့မ ရဲစခန်းက ပြောပါတယ်။

မိတ္ထီလာမြို့မ ရဲစခန်းဝင်း ရဲဝန်ထမ်းအိမ်ရာ ၂ ထပ်ဆောင် အပေါ်ထပ် အခန်းအမှတ် ၇ နေ ရဲအုပ်အောင်နိုင်ထွန်း (၅၂ နှစ်) နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်း (၄၉ နှစ်) တို့ ၂ ဦးလုံး သေနတ်ကျည်ဒဏ်တွေနဲ့ သေဆုံးနေကြတာပါ။

အခန်းနီးချင်းဖြစ်သူတဦးက ဈေးသွားဖို့ ဒေါ်မြင့်မြင့်သိန်းအား လာခေါ်ရာက အသံမကြားရလို့ ပြတင်းပေါက်ကနေ ကြည့်ရှုရာမှာ ၂ ဦးလုံး သေဆုံးနေတာ တွေ့ရတာပါ။

မိတ္ထီလာမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထင်က "ဟုတ်ပါတယ်၊ ရဲအုပ်နဲ့ဇနီး သေဆုံးသွားပါတယ်။ ဓမ္မတာအတိုင်း ဟုတ်မဟုတ်၊ ဘာကြောင့်ဖြစ်တယ်သိရဖို့ သေမှုသေခင်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝန်ထမ်းအိမ်ရာနေသူတဦးက "ဗိုလ်ကြီးက ခရိုင်ရုံး တပ်ထောက်ဌာနစိတ်မှာ တာဝန်ကျတယ်။ ဗိုလ်ကြီးတို့ ဇနီးမောင်နှံက နေတာထိုင်တာ အေးဆေးတယ်။ ဒီလို ဘာကြောင့်ဖြစ်တယ် စဉ်းစားမရဘူး" လို့ ပြောပါတယ်။

နေအိမ်ဧည့်ခန်းကြမ်းပြင် ဖျာပေါ်မှာ ရဲအုပ်အောင်နိုင်ထွန်းဟာ ပက်လက်အနေအထား၊ ညာဘက်လက်ထဲမှာ ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်လျက် ညာနားထင်မှဝင်ပြီး ဝဲနဖူးထိပ် ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာပါ။

ဒေါ်မြင့်မြင့်သိန်းကတော့ ပက်လက်အနေအထားနဲ့ ညာနားထင်ကျည်ဝင်ဒဏ်ရာနဲ့ သေဆုံးနေပါတယ်။ ကျည်ဆန် ၃ တောင့်နဲ့ ပစ်ခတ်ပြီး ကျည်ဆန်အခွံ ၂ တောင့်တို့လည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရဲအုပ် အောင်နိုင်ထွန်းဟာ နေမကောင်းတာကြောင့် မေ ၁၄ ရက်မှ ၁၆ ရက်အထိ ခွင့် ၃ ရက် ယူထားတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ရဲအုပ်အောင်နိုင်ထွန်းနဲ့ ဇနီး ဒေါ်မြင့်မြင့်သိန်းတို့ သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန် သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013