DVB Logo
Home
မြန်မာသတင်း
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပလောင်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
DVB
·
November 7, 2012
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပလောင်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
Donate to DVB

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေတဲ့ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်တိုင်းရင်းသားဒေသမှာ ပြည်တွင်းစစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံး (တီဝိုင်အက်စ်အို) က ပြောဆိုလိုက်ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပိုက်လိုင်းတည်ဆောက်ရာ ရှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) ဒေသတွေကို  ပြည်တွင်းစစ်နဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဒီနေ့ထုတ်တဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အစည်းအရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

‘ပိုက်လိုင်းအိမ်မက်ဆိုး’ လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာကို ဒီနေ့ ဖြန့်ချိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မဲဆောက်မြို့တွေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခန်း၊ မန်တုံ မြို့နယ်တွေက ဒေသခံတွေရဲ့ လယ်ယာနှင့် တောင်ယာမြေဧက ၁ သောင်းကျော် အဓမ္မသိမ်းဆည်းခံရပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်အစည်းအရုံးရဲ့ အတွင်းရေးမှူး မိုင်းအောင်ကိုက အခုလို ရှင်းပြပါတယ်။

“ဆိုးကျိုးတွေက လယ်ယာမြေတွေ သိမ်းဆည်းခံရတယ်။ ပိုက်လိုင်းသွားတဲ့အတွက် မျှတတဲ့လျော်ကြေးမရှိဘူး။ စစ်တပ်က လုပ်အားပေးခိုင်းစေခံရတာတွေ ရှိတယ်။ နောက် တရုတ်အလုပ်သမားတွေအတွက် စစ်တပ်နဲ့ ရဲတွေက တာဝန်ယူပေးထားတော့ ပိုက်လိုင်းဆောက်နေတုန်း ပြည်သူလူထုတွေက ကားလမ်းဖြတ်ဖို့တောင် ဖြတ်ခွင့်တောင်းတော့ ၁ နာရီခွဲလောက်စောင့်ပြီးမှ ကိုယ့်ဒေသကိုယ် သွားလို့ရကြတယ်။ အဲ့ဒေသမှာ လယ်ဧကပေါင်း ၁ သောင်းကျော်လောက် ၆ မြို့နယ်ထဲမှာ အသိမ်းခံရတယ်။ ”

လယ်ယာဥယျာဉ်ခြံမြေတွေ သိမ်းခံရမှုကြောင့် ဒေသခံအများစုက ထိုင်းနဲ့ တရုတ်နိုင်ငံကိုသွားပြီး လုပ်ကိုင်စားသောက်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပိုက်လိုင်းသွားရာလမ်းကြောင်းတလျှောက် ထိစပ်ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပြီး နမ္မတူ၊ မန်တုံနဲ့ နမ့်ခမ်း ဒေသတွေမှာ ပလောင်ဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေထိုင်ကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေအတွက် တစုံတရာအကျိုးမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အတွက် ဒီစီမံကိန်း ရပ်တန့်ပေးဖို့ တောင်းဆိုတယ်လို့ မိုင်းအောင်ကိုက ပြောပါတယ်။

“နှစ်ပေါင်း ၃၀ အတွင်းမှာ ၂၉ ဒေါ်လာ ဘီလီယံကို အစိုးရကပဲ ရတာ။ ဒေသခံတွေအတွက် ဘာမှအကျိုးအမြတ်မရှိဘူး။ တရုတ်ကုမ္ပဏီနဲ့ အစိုးရပဲ အဓိက အကျိုးအမြတ်ပဲရကြတယ်။ ပြည်သူလူထုတွေက ဒီစီမံကိန်းရဲ့ ဆိုးကျိုးတွေပဲ ခံစားနေကြတယ်။ စီမံကိန်းရပ်ဖို့ တောင်းဆိုထားတာရှိတယ်။ နောက် စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြေရှင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုမယ်။ ကုမ္ပဏီဘက်ကကျတော့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့လိုသလို စီမံကိန်းမလုပ်ခင်ကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာတွေ တိုင်းတာပြီး ပြည်သူတွေကိုချပြပြီးမှ ဖော်ဆောင်ပေးဖို့ပုံစံမျိုး တောင်းဆိုထားပါတယ်။”

ရှမ်းပြည်မြောက်ပိုင်းက ပိုက်လိုင်းတည်ဆောက်မှုဟာ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီဖြစ်ပြီး ပိုက်လိုင်း တခုလုံးကို ၂၀၁၃ မှာ အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။

ရွှေသဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းဟာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်း ကနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီကို သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်းတွေ တင်ပို့မှာဖြစ်ပါတယ်။

ပိုက်လိုင်းကြီးဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေ ကို ဖြတ်သန်းတည်ဆောက်တာဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းသွားရာတလျှောက်မှာ လယ်ယာမြေ သိမ်းဆည်းမှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013