
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ဒီကနေ့မနက်က ထိုင်းလ၀က၊ ရဲ၊ ယာဉ်ထိန်းရဲ၊ နယ်ခြားစောင့်တပ်နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံသား အလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
အဖွဲ့စုံပါတဲ့ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့ထဲမှာရော မြို့ပြင်ဘက် ကျေးရွာတွေနဲ့ ဖုတ်ဖရမြို့နယ်၊ မဲလမတ်မြို့နယ်တွေဘက်မှာပါ ဥပဒေနဲ့ မညီညွတ်သူတွေကို လိုက်လံစစ်ဆေး ရှာဖွေဖမ်းဆီးခဲ့တာလို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ဒီကနေ့ ကျနော်တို့မဲဆောက်မှာဆိုရင် တရားမ၀င်မြန်မာအလုပ်သမား ၁၀၀လောက်အ ဖမ်းခံရတယ်။ မဲဆောက်မြို့တောင်ဘက်မှာရှိတဲ့ စိုက်ခင်းတွေဘက်လည်းဖမ်းတယ်။ ဖု ပ်ဖရမြို့နယ်ဘက်မှာလည်း မြန်မာအလုပ်သမား ၆၀ လောက်အဖမ်းခံရတယ်။ တောင်ခြေနဲ့နီးတဲ့ ကျေးရွာတွေမှာ ၀င်ဖမ်းတာ၊ မဲဆောက်မြောက်ဘက်မှာရှိတဲ့ မယ်လမတ်မြို့နယ်က စိုက်ပျိုးရေးခြံတွေ ဘက်မှာလည်း မြန်မာအလုပ်သမား ၄၀ လောက် အဖမ်းခံရပါတယ်ခင်ဗျ။ မြို့ထဲမှာတော့ ဖြတ်သွားဖြတ်လာ မူးယစ်ဆေးမိလို့ဖမ်းတာရှိတယ်၊ တရားမ၀င်ထီလက်မှတ်၊ လောင်းကစားဘောက်ချာတွေ တွေ့လို့ ဖမ်းတာရှိတယ်၊ မနက်စောစောစီးစီး အရက်မူးနေတဲ့ လူတွေ ဖမ်းတာရှိတယ်။ အဲဒီမြို့ပေါ်မှာတော့ နေ့တိုင်းလို ဖမ်းနေတာပါ။”
ဒီစစ်ဆေးဖမ်းဆီးမှုဟာ ထိုင်းအစိုးရရဲ့ နိုင်ငံတွင်းဥပဒေနဲ့မညီညွှတ်မှုတွေကို ဖမ်းဆီး နှိမ်နင်းနေတဲ့ စီမံချက်အတိုင်းဆောင်ရွက်နေတာဖြစ်ပြီး အချိန်ကာလကန့်သတ်ချက်မရှိဘဲ အချိန်မရွေးဝင်ရောက်ဖမ်းဆီးနိုင်လို့ အထောက်အထားမပြည့်စုံသူ အလုပ်သမားတွေ သတိထားနေထိုင်သွားလာဖို့ ဦးမိုးကြိုးက တိုက်တွန်းပါတယ်။
မဲဆောက်က ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့ဟာ ဒီမနက် မဲဆောက်မြို့၊ ဖာဒဲန်းရပ်ကွက်နဲ့ မယ်တော်ရပ်ကွက်က အလုပ်သမားတန်းလျားတွေ၊ အငှားအိမ်ခန်းနဲ့ တည်းခိုခန်းတွေကို ၀င်ရောက်စစ်ဆေးပြီး တရားမ၀င်နေထိုင်သူတွေ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်လုပ်နေသူတွေ ၁၀၀ လောက်ဖမ်းဆီးပြီး အရေးယူဖို့ တာ့ခ်ခရိုင် လ၀ကကို ပို့ဆောင်ထားကြောင်း အာဆီယံ AEC သတင်းမှာလည်း ဖော်ပြပါတယ်။










