DVB Logo
Home
မြန်မာသတင်း
အိုဘားမားအနိုင်ရရှိမှု မြန်မာအပေါ် သက်ရောက်မှုရှိမည်ဟုဆို
DVB
·
November 7, 2012
အိုဘားမားအနိုင်ရရှိမှု မြန်မာအပေါ် သက်ရောက်မှုရှိမည်ဟုဆို
Donate to DVB

အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အိုဘားမား အနိုင်ရရှိသွားတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ အပြောင်းအလဲကို အထောက်အပံ့ ဖြစ်စေမယ်လို့ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောပါတယ်။

[caption id="attachment_32765" align="alignright" width="300" caption="ပြန်လည်ရွေးချယ်ခံရသည့် အမေရိကန် သမ္မတ အိုဘားမား (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က “အပြောင်းအလဲလုပ်တယ်ဆိုပြီး စစ်တပ်ကလည်း ပြောင်းတဲ့ပုံပေါ်လာတယ်ပေါ့။ စစ်တပ်ပြောင်းလဲမှုပေါ်မူတည်ပြီးတော့ အန်အယ်လ်ဒီမှာလည်း ဒီမိုကရေစီအလားအလာတွေ ပိုပွင့်လင်းလာတဲ့ သဘောမှာ ရှိတယ်။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲလို့ စစ်အစိုးရက ကြွေးကြော်လာသည့် နည်းတူ မပြောင်းလဲလို့ မရတော့ဘူး။ လုပ်ကိုလုပ်ရတော့မယ့် အနေအထားတွေလည်း အများကြီးရှိတယ်။ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ လူ့အခွင့်အရေး ကိစ္စတွေမှာကြည့်ကြည့် အပြောင်းအလဲလုပ်လာရမယ့် အနေအထားတွေရှိလာတယ်။ ပြီးခဲ့တဲ့ ၄ နှစ်တလျှောက်လုံးမှာ အိုဘားမားတို့ ဒီမိုကရက်တစ်ပါတီကပဲ အများကြီး ကူညီခဲ့တာဆိုတော့ အိုဘားမားတို့ ဆက်နိုင်လိုက်တော့ သူတို့နိုင်ငံရေးအခြေအနေကလည်း ပိုပြီးတည်ငြိမ် တောင့်တင်းခိုင်မာလာမယ်။ သူတို့ တောင့်တင်းခိုင်မာလာသလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အများကြီး အကူအညီ ဆက်ပေးသွားနိုင်မယ်။ အဲလိုယူဆတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ သက်ရောက်မှုတွေ အများကြီးရှိမယ်လို့ထင်တယ်” လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်အရှုံးကို ရန်ကုန် အမေရိကန် စင်တာကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ အိုဘားမား လက်ထက်မှာ ဖြစ်ခဲ့ပြီးတော့ အခြေအနေကောင်းလာတာလို့ ဆိုပါတယ်။

“အမေရိကန်ကို ကျနော်တို့နိုင်ငံခေါင်းဆောင်တွေလည်း ခပ်များများသွားနေတယ်၊ ဆက်သွယ်မှုတွေ ကောင်းနေတယ်။ အလားအလာတွေ ပိုကောင်းလာနေတယ်။ အိုဘားမား သမ္မတလုပ်ခဲ့တဲ့ လမ်းစ ဆက်လက် ရှည်ကြာသွားအောင် သမ္မတပြန်ဖြစ်တာကို ကျနော်ကတော့ ပိုလိုလားတယ်၊ ကြိုဆိုတယ်။ သူနဲ့ဆက်သွယ်ရေးကောင်းလာပြီး ဆက်ကောင်းသွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးမှာ နှစ်ဖက်အကျိုးတူ ပိုကောင်းမယ်လို့ တွက်ပါတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ဦးစိုင်းလိတ်ကတော့ အိုဘားမား အနိုင်ရရှိတာဟာ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပေမယ့် အိုဘားမားရဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကိုင်တွယ်မှု တချို့မှာတော့ ဆန္ဒစောတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ချန်ထားပြီးတော့မှ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေနဲ့ ပစ်ခတ်နေတဲ့ စစ်ပွဲတွေ ရပ်တန့်သွားအောင် ဥပမာ ရခိုင်အရေးအခင်းလိုဟာမျိုး ကူညီဖြေရှင်းပေးဖို့ လိုသလို တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီခွင့် ရရှိဖို့အတွက်ကိုလည်း စဉ်းစားဖို့ လိုတယ်။ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတဲ့ကိစ္စလိုမျိုးဆိုရင် သိပ်ပြီးရှေ့ရောက်နေသေးတယ်။ တိုင်းရင်းသားကိစ္စ၊ တိုင်းရင်းသားဒေသတွေရဲ့ ဖြစ်ပျက်နေတာတွေကို အသေအချာ ကွင်းဆင်းလေ့လာပြီးတော့မှ သုံးသပ်ဆုံးဖြတ်စေချင်ပါတယ်။”

အိုဘားမား သမ္မတ သက်တမ်း လက်ထက်မှာ မြန်မာနဲ့ စေ့စပ်ညှိနှိုင်းရေး ၀ါဒကို စတင်ခဲ့တာဖြစ်ပြီး လက်ရှိမြန်မာအစိုးရက လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းခဲ့သလို  မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ခဲ့ပါတယ်။

အမေရိကန်ကလည်း လျှော့ချထားတဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း မြန်မာနိုင်ငံကို အလည်လာရောက်ခဲ့ပါတယ်။ အရင်ရက်ပိုင်းကလည်း သမ္မတ အိုဘားမားဟာ မြန်မာကို သွားရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အမေရိကန် စစ်တပ်အကြီးအကဲ တချို့လည်း မြန်မာကို အလည်အပတ်ခရီးအဖြစ် လာရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013