DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးမှု နောက်ကျနေဟု ဒုသမ္မတပြော
DVB
·
May 16, 2019
မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးမှု နောက်ကျနေဟု ဒုသမ္မတပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ကော်ဖီကဏ္ဍဟာ အရှေ့တောင်အာရှက အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ပါက Processing နည်းပညာ အားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်ရှိနေခြင်းနဲ့ ကော်ဖီသီးနှံဈေးကွက်ဝေစု ရရှိမှုအားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေသေးတယ်လို့  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မေလ ၁၅ ရက်က မန္တလေးမြို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ကျင်းပတဲ့ Myanmar Coffee Forum 2019 ဖွင့်ပွဲ အခမ်းအနားမှာ ဒုသမ္မတက ပြောသွားတာပါ။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုတွေရရှိခဲ့တဲ့အကြောင်း၊ ထုတ်လုပ်မှု တိုးတက်လာတာ၊ ဈေးကွက်တခု ဖြစ်ထွန်းလာတာနဲ့ တောင်သူတွေ နည်းပညာကောင်းတွေ အသုံးချလာနိုင်ခြင်းတို့ ဟာ  မြင်သာတဲ့အချက်တွေဖြစ်တယ်လို့ ဒုသမ္မတက ဆိုပါတယ်။

Coffee Boardအဖွဲ့ ဖွဲ့စည်းရေး၊ ကော်ဖီအရည်အသွေး၊ ဈေးကွက်နဲ့ ထိုက်သင့်တဲ့ ဈေးနှုန်း ရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသူတွေအတွက် ချေးငွေနဲ့ အရင်းအနှီးတွေ ရရှိနိုင်ရေးတို့ကို အဓိကထားပြီး ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ပြင်ဦးလွင်ဒေသနဲ့ ရှမ်းပြည်နယ်၊ ရွာငံဒေသမှ ထွက်ရှိတဲ့ မြန်မာ့အာရေဗီးကား ကော်ဖီဟာ ကမ္ဘာ့အဆင့်မီ (Speciality Coffee) အဆင့်သတ်မှတ်ခံခဲ့ရပြီး ခုအခါမှာ ကော်ဖီဈေးနှုန်းဟာလည်း သင့်တင့်တဲ့ ဈေးနှုန်းတွေ ရရှိလာပြီဖြစ်တဲ့အတွက် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာပြီး မြန်မာ့ကော်ဖီစိုက် တောင်သူတွေ လုပ်ငန်းရှင်တွေ အကျိုးဖြစ်ထွန်းလာမယ်” လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ပထမအကြိမ် Coffee Forum ကို ၂၀၁၇ ခုနှစ် မေ ၂၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး အခု ၂၀၁၉ခုနှစ် မေလ ၁၅ ရက်မှာ မန္တလေးမြို့မှာ ဒုတိယအကြိမ်  Coffee Forum ကျင်းပခဲ့တာပါ။

မနေ့ကကျင်းပတဲ့ ကော်ဖီဖိုရမ်မှာ ကော်ဖီထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ထူးချွန်ဆုရ ရှိသူတွေကိုလည်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဒုဝန်ကြီး ဦးလှကျော်တို့က ဆုတွေ ချီးမြှင့်ခဲ့ကြတယ်လို့ သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013