DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာကဏ္ဍ တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် ကူညီရန် သမ္မတ ပန်ကြား
DVB
·
November 7, 2012
မြန်မာ့လယ်ယာကဏ္ဍ တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် ကူညီရန် သမ္မတ ပန်ကြား
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူတွေရဲ့ ဘ၀တိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အကူအညီတွေပေးကြဖို့ သမ္မတ ဦးသိန်းစိန်က အာရှနဲ့ ဥရောပနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယင်ကျင်းမြို့မှာ နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပတဲ့  ၉ ကြိမ်မြောက် အာရှ - ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ သမ္မတဦးသိန်းစိန်က တိုက်တွန်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေမှာ မှီခိုနေကြပါတယ်။ လက်ရှိကာလမှ လယ်ယာလုပ်ကိုင်သူ အများစုဟာ ၀မ်းစာဖူလုံရေးနဲ့ မိသားစုရပ်တည်ရေးအတွက်သာ လုပ်နေပြီး စီးပွားဖြစ် လုပ်ကိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်ကစလို့ ဈေးကွက်စီးပွားရေးစနစ် စလုပ်ကတည်းက လယ်ယာကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျမှုနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် လက်မှုလယ်ယာကနေ စက်မှုလယ်ယာအဆင့်ကို ကူးပြောင်းရေးနဲ့ လယ်ယာထွက်ကုန်တွေ ပြည်ပဈေးကွက်ပို့ရေးမှာ အဟန့်အတားတွေဖြစ်ခဲ့ရတယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တချိန်တုန်းက အာရှတိုက်ရဲ့စပါးကျီအဖြစ် တင်စားခံခဲ့ရသလို လက်ရှိမှာလည်း ဆန်စပါးအဓိကစိုက်နေပြီး စုစုပေါင်းစိုက်ဧရိယာ ဟက်တာသန်းပေါင်း ၂၂ သန်းခွဲရှိတဲ့အနက် ဆန်စပါးစိုက်ဧရိယာက ၇ ဒဿမ ၅၉ သန်း ရှိတာကြောင့် စုစုပေါင်းစိုက်ဧကရဲ့ ၃၃ ဒဿမ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ဒုတိယစိုက်ပျိုးမြေ ဧရိယာအများဆုံးက ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ပျိုးမှုဖြစ်ပြီး ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချမှုမှာ အာဆီယံရဲ့ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်လို့ ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ သူဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်ကစလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ လုပ်နေရာမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်နေပြည်သူတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကနေတဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို နိုင်ငံတော်ရဲ့ အဓိက ဦးစားပေးအစီအစဉ်အဖြစ် အကောင်အထည်ဖော်နေတယ်လို့ သမ္မတက ရှင်းပြပါတယ်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်၊ ချေးငွေနဲ့ မြေယာပိုင်ဆိုင်မှု မူဝါဒတွေဖြစ်တဲ့ မိုက်ခရိုစီးပွားရေးမူဝါဒတွေ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနဲ့ အခြေခံ အဆောက်အအုံတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ သမ္မတက ထောက်ပြပါတယ်။

ဒါကြောင့် ပြည်ပနည်းပညာ၊ အတွေ့အကြုံ၊ သုတေသန၊ ချေးငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရနိုင်မယ်ဆိုရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးမြေနဲ့ ရေအရင်းအမြစ် ကြွယ်ဝမှု၊ အလုပ်ကြိုးစားတဲ့ လူသားအရင်းအမြစ်တွေ ရှိနေတာတွေနဲ့ ပေါင်းစပ်ပြီး နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ပြည်တွင်းမှာ စားနပ်ရိက္ခာ ဖူလုံပိုလျှံတဲ့အပြင် ဒေသတွင်းသာမကဘဲ စားနပ်ရိက္ခာလိုနေတဲ့ ကမ္ဘာ့နိုင်ငံတွေ အတွက်ကိုတောင် ဖြည့်တင်းပေးသွားနိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတက ပြောသွားပါတယ်။
ဒါကြောင့် အာရှနဲ့ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာ့ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘ၀မြင့်တက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ကူညီပေးကြပါလို့ သမ္မတက တိုက်တွန်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013