DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးဂိုဏ်းက ထိုင်းစာပို့ယာဉ်ဖြင့် တင်ဆောင်လာသည့် တရားမ၀င်မြန်မာများ ဖမ်းမိ
DVB
·
May 15, 2019
လူကုန်ကူးဂိုဏ်းက ထိုင်းစာပို့ယာဉ်ဖြင့် တင်ဆောင်လာသည့် တရားမ၀င်မြန်မာများ ဖမ်းမိ
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ လူကုန်ကူးဂိုဏ်းက တရားမ၀င်မြန်မာ ၁၃ ဦးကို ထိုင်းစာပို့ယာဉ်နဲ့ တင်ဆောင်ပြီး လူကုန်ကူးခဲ့တယ်လို့ ပို့စ်ထူဒေး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆုန်ခလာခရိုင် လ၀က ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဟာ မေလ ၁၃ ရက် ညသန်းခေါင်အချိန်က ရတ်တဖုန်းမြို့နယ်ရှိ အာရှလမ်းကြီးပေါ် တာဝန်ထမ်းဆောင်စဉ် မသင်္ကာတဲ့ စာပို့ကားတစီး ဖြတ်သွားတာမြင်လို့ နောက်ကလိုက်လံခဲ့ကြောင်း၊ အဆိုပါ ကား ကို ခူးဟာ မီးပွိုင့်အနီး ရပ်တံ့စစ်ဆေးခဲ့တာလို့ ဆုန်ခလာခရိုင် လ၀က ရဲမှူးကြီး နတ့်သ်ဖားခင်း ခွမ်ချိုင်းယုတ်ရစ်က မီဒီယာတွေကို ပြောပါတယ်။

စစ်ဆေးချက်အရ ကားရှေ့မှာ ယာဉ်မောင်းသူနဲ့ ဘေးကထိုင်လိုက်လာတဲ့ ထိုင်းအမျိုးသား ၂ ဦးရှိပြီး အနောက်ခန်း စာပို့တံခါးကို ဖွင့်ကြည့်ရာမှာတော့ အထုတ်အပိုးတွေနဲ့ ထိုင်လိုက်လာတဲ့ အမျိုးသား ၁၃ ဦးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

၁၃ ဦးလုံးမှာ ဟိန္ဒူဘာသာဝင် မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး စာရွက်စာတမ်း အထောက် အထားတစုံတရာမရှိကြောင်း၊ သူတို့တွေဟာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ နယ်စပ် ကန်ကျနပူရီဘက်ကနေ ၀င်ရောက်လာတာဖြစ်ပြီး ဆမွတ်ဆုန်ခန်းမှာ တည်းခိုခဲ့ကြောင်း၊ အဲဒီနောက် စာပို့ကားနဲ့ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ၊ အဲဒီကနေ ဆဒေါင်းမြို့နယ် ပါဒမ်ေ ဘဆာကျေးရွာ  တောလမ်းဘက်ကနေ မလေးရှားနိုင်ငံထဲ ခိုးဝင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

စာတိုက်ကားမောင်းသူက တဦးကို အခကြေးငွေ ဘတ် ၁၅၀၀ စီနဲ့ သယ်ဆောင်ခဲ့ တာဖြစ်ကြောင်း၊ စာတိုက်ကားနဲ့ဆိုရင် အစစ်အဆေးမရှိတဲ့အတွက် အရင်ကလည်း ဒီလိုမကြာခဏ တရားမ၀င်လူတွေ တင်ဆောင်ခဲ့တာဖြစ်ပြီး ဒီတကြိမ်ကျမှ ဖမ်းခံထိတာလို့ ၀န်ခံသွားပါတယ်။

အဆိုပါထိုင်းနိုင်ငံသား ၂ ဦးကို တရားမ၀င်သူတွေ သယ်ဆောင်မှုနဲ့ အရေးယူဖို့ရော၊ သူတို့နဲ့ပတ်သက်တဲ့ လူကုန်ကူးဂိုဏ်းကိုပါ ဖမ်းဆီးရမိရေး စစ်ဆေးဖို့အတွက် ဖမ်းဆီးထားပါတယ်။

မြန်မာ ၁၃ ဦးကိုလည်း နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူပြီး နေရပ်ပြန်ပို့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ထိုင်းတောင်ပိုင်းမှာ မလေးရှားသွားမယ့် မြန်မာတွေ မကြာခနဖမ်းဆီးခံရလေ့ရှိပြီး ဒီလ ၁၁ ရက်ကလည်း ဟတ်ယိုင်မြို့နယ်ရှိ တောတောင်ထဲ ပုန်းအောင်းနေတဲ့ တရားမ၀င် မြန်မာ ၂၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ ရန်ကုန်ကလာတာဖြစ်ပြီး ပွဲစားက တောထဲမှာ ၅ ရက်ကြာ ပစ်ထားတာကြောင့် ထမင်းမစားရဘဲ ရေနဲ့သာ အသက်ဆက်လာခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-Posttoday

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013