
ရေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။
ဂွမြို့နယ်ကို မနေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီကျော်ခန့်က လေတပ်ကနေ Y-12၊ ဂျက်ဖိုက်တာတို့နဲ့ ဗုံးအလုံးရေ ၅၀ ကျော်ထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂွဒေသခံ စစ်ရှောင်တယောက်က ပြောပါတယ်။
“မိုးတွေကလည်း တအားရွာတယ်။ ရေကလည်း ပြည့်နေတဲ့အချိန်မှာ ဗုံးလာကြဲတယ်။ တကြိမ်မကဘူး၊ ၆ ကြိမ် ၇ ကြိမ်လောက်ရှိတယ်။ ပတ်ပြီးကြဲတာ။ ဗုံးအလုံးရေ ၅၀ ထက် မနည်းဘူး။ ကလပ်စတာဗုံးတွေ ပါတယ်။။ လူတွေ ထိခိုက်မှုကိုတော့ မသိရသေးဘူး။”
အခုလို ဗုံးကြဲခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ပြီး စစ်တပ်ရဲ့လုပ်ရပ်ဟာ လူသားချင်းစာနာမှု ကင်းမဲ့တယ်လို့ ဂွဒေသခံ လူမှုရေးလုပ်နေသူတယောက်က ပြောပါတယ်။
“ဗုံးက တောတောင်တွေ လယ်ကွင်းတွေမှာ အများကြီးကျရောက်လို့ တော်သေးတယ်။ ဒါပေမဲ့ ပြည်သူတွေ ရေဘေးသင့်ချိန်မှာတောင် ဂွကို တရက်မှ လက်နက်ပစ်တာ မရပ်ဘူး။ နေဗီကလည်း ပစ်တယ်၊ ဗုံးနဲ့လည်းကြဲတယ်။ တော်တော်အောက်တန်းကျတယ်။”
မနေ့ညက စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဗုံးကျရောက်ခဲ့တဲ့ ရွာတွေကတော့ ဂွမြို့နယ်၊ ကွင်းလျားရှည်ရွာ မြောက်ဘက် လယ်ကွင်းအစပ် တောင်ခြေနေရာများ၊ ရဟိုင်းကွင်းရွာရှိ အနောက်ဘက် လယ်ကွင်းများ၊ ကျောင်းကုန်းရွာနဲ့ လယ်ကွင်းအစပ် တောင်ခြေရင်းတွေမှာ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း ဂွမြို့နယ်၊ ဓနိအုပ်စု၊ ကုလားချောင်းရွာနဲ့ ပေါက်တူးရွာ စတဲ့ ရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ယောက် သေဆုံးကာ တယောက် ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။










