DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံ လုပ်ထုံးလုပ်နည်း၊နည်းပညာကိစ္စများဖြင့် အချိန်ကုန်နေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ဝေဖန်
DVB
·
May 14, 2019
ငြိမ်းချမ်းရေးညီလာခံ လုပ်ထုံးလုပ်နည်း၊နည်းပညာကိစ္စများဖြင့် အချိန်ကုန်နေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ဝေဖန်
1 / 7
Donate to DVB

အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ စတုတ္ထကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ မေလ ၁၄ ရက်က စတင်ပြီး ၁၈ ရက်အထိ ၅ ရက်တိုင် ကျင်းပနေပါတယ်။

ဒီကနေ့ စတင်တဲ့ အစည်းအဝေးမှာ RCSS/SSA ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “အန်စီအေလက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ် သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ (၃) ကြိမ်တိုင်တိုင် ကျင်းပခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ မရရှိသေးကြောင်း၊  လုပ်ထုံးလုပ်နည်း နည်းပညာပိုင်းဆိုင်ရာတွေမှာပဲ အချိန်ကုန်ခဲ့ပြီး ဆွေးနွေးတဲ့နည်းနာတွေကို မပြင်ဆင်နိုင်ခဲ့ ကြောင်း၊ ဆွေးနွေးတဲ့ နေရာမှာ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုအပ်ပြီး သူ့မူ ကိုယ့်မူကို အသေဆုပ်ကိုင်ဆွေးနွေးမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးအောင်မြင်မှုမရသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ်မူကို မလျှော့တမ်း ဆုပ်ကိုင် ထားလို့ဖြစ်ကြောင်း၊ တပ်မတော်ဘက်က  ခွဲမထွက်ရ၊ တခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆) ချက်တွေတင်မကဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ အလှမ်းဝေးကွာ ဆဲဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

ဒ့ါအပြင် ၂၀၂၀ ရွေးကောက်ပွဲတဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ကိုယ့်ဆွေးနွေးဖက်ရဲ့ အာရုံဟာ ရွေးကောက်ပွဲကိစ္စအတွက်သာရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒုတိယနေ ရာမှာရှိနေတဲ့အတွက် ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လို အနေအထား ဖြစ်သင့်တယ်ဆိုတာ ကြိုတင်ဆွေးနွေးပြီး သဘောတူညီချက် ရယူထားဖို့ လိုတယ်လို့လည်း  ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောတယ်။

အန်စီအေလက်မှတ်မရေးထိုးသေးတဲ့ ညီနောင်အဖွဲ့စည်းအချို့နဲ့ တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်နေတာဟာ ပြည်ထောင်စုအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်ကြောင်း၊ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ဟာ ငြိမ်းချမ်းရေးက အဓိကဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်ပြားပါက ပြဿနာအမျိုးမျိုးလည်း ပေါ်လာမှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ EAO တွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖို့လည်း  ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းပါတယ်။

အခုထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတာတွေကို ဘယ်လို နည်းလမ်းရှာပြီး ကျော်လွှားသွားရမလဲဆိုတာနဲ့ PPST ရဲ့ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ဖို့ ကိစ္စတွေ အဓိကထားဆွေးနွေးကြဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

ဒီကနေ့ စတင်တဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာ  အန်စီအေ လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့  အန်စီအေ အကောင်အထည်ေ ဖ်ာဖက်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပါ တက်ရောက်ဆွေးနွေးကြပါတယ်။

ဒါ့အပြင် အန်စီအေလက်မှတ်မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း (KIO) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကလည်း လေ့လာသူတွေအဖြစ် တက်ရောက် နေပါတယ်။

ဒီအစည်းအဝေးမှာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစီရင်ခံစာတွေတင်သွင်း ဆွေးနွေးတာနဲ့ NCA-S EAO အတွင်း စုဖွဲ့မှုတွေ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးမယ်လို့  အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်တွေက ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013