အီရန်ရဲ့ ကမ္ဘာတဝန်းက ဘဏ္ဍာရေးချိတ်ဆက်မှုတွေကို ဖြတ်တောက်ပြီး စီးပွားရေးအပယ်ခံဖြစ်စေမဲ့ Operation Economic Outcast စစ်ဆင်ရေးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ဩဂုတ် ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီစစ်ဆင်ရေးအရ အီရန်နဲ့ စီးပွားဆက်ဆံမှု ဆက်လုပ်တဲ့ နိုင်ငံတွေ၊ လုပ်ငန်းတွေဟာ အမေရိကန်ရဲ့ ပြင်းထန်တဲ့ တဆင့်ခံ အရေးယူပိတ်ဆို့မှု (secondary sanctions) နဲ့ ရင်ဆိုင်ရမယ်လို့ ဘက်ဆန့်က သတိပေးထားပါတယ်။
တဆင့်ခံ အရေးယူပိတ်ဆို့မှုဆိုတာ အီရန်ကို တိုက်ရိုက်အရေးယူတာ မဟုတ်ဘဲ အီရန်နဲ့ စီးပွားဆက်ဆံတဲ့ တခြားနိုင်ငံက ကုမ္ပဏီတွေနဲ့ ဘဏ်တွေကို အမေရိကန်ဒေါ်လာစနစ်နဲ့ အမေရိကန်ဈေးကွက် အသုံးပြုခွင့် ပိတ်ပင်တဲ့ အရေးယူမှု ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးဟာ အီရန်အပေါ် လုပ်ခဲ့သမျှထဲက “အကြီးမားဆုံး ဘဏ္ဍာရေးထိုးစစ်” ဖြစ်ပြီး အီရန်အတွက် “စီးပွားရေး D-Day” ဖြစ်တယ်လို့ ဘက်ဆန့်က ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု၊ နည်းပညာ၊ ရွှေ၊ လေကြောင်းနဲ့ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ၅ ခုကို ပစ်မှတ်ထားပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သင်္ဘော ၆၀ လောက်ကို ပိတ်ဆို့ အရေးယူထားပါတယ်။
“အီရန်အတွက် ငွေကြေးခဝါချမှုကို ကူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို အမေရိကန်ဒေါ်လာစနစ်ကနေ ဖယ်ရှားခံရမယ်” လို့ ဘက်ဆန့်က သတိပေးပါတယ်။
ဒါပေမဲ့ အမေရိကန်က အီရန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေကို အခုချက်ချင်း အရေးယူတာမဟုတ်ဘဲ စီးပွားဆက်ဆံမှုဖြတ်ဖို့ သတ်မှတ်အချိန်တခု ပေးထားပါတယ်။
အီရန်ရဲ့ အကြီးဆုံးရေနံဝယ်ယူသူဖြစ်တဲ့ တရုတ်နိုင်ငံက ဘဏ်တွေကို အခုထိ ပစ်မှတ်မထားသေးသလို တရုတ်ဘက်ကလည်း ပိတ်ဆို့မှုနဲ့ ဖိအားပေးမှုတွေဟာ ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
အီရန်စီးပွားရေးဝန်ကြီး အလီ မာဒါနီဇာဒဲက အမေရိကန်ပိတ်ဆို့မှုကို ရင်ဆိုင်ဖို့ ၂ နှစ်တာစီမံကိန်း အဆင်သင့်ရှိပြီး ဝါရှင်တန် ထပ်မံရှုံးနိမ့်မယ်လို့ ဆိုပါတယ်။
အီရန်ကလည်း ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ နိုင်ငံတွေကို မြေပြင်၊ ရေပြင်၊ ဝေဟင် ဒါမှမဟုတ် ဆိုက်ဘာနည်းလမ်းနဲ့ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။











