DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးမခိုင်မာသေးသရွေ့ စီးပွားရေးနှင့် စီမံကိန်းလုပ်ငန်းများ ရပ်ထားပေးရန် ကရင်လူထု တောင်းဆို
DVB
·
November 6, 2012
ငြိမ်းချမ်းရေးမခိုင်မာသေးသရွေ့ စီးပွားရေးနှင့် စီမံကိန်းလုပ်ငန်းများ ရပ်ထားပေးရန် ကရင်လူထု တောင်းဆို
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မာပြီး နိုင်ငံရေးအရ သေချာတဲ့ အာမခံချက်စာချုပ် မချုပ်ဆိုနိုင်သရွေ့ ကရင်ပြည်နယ်အတွင်း စီးပွားရေးနဲ့ ဖွံ့ဖြိုးမှု စီမံကိန်းလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီး ရပ်ဆိုင်းထားပေးဖို့ ကရင်လူထုအသိုင်းအ၀ိုင်းက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_24944" align="alignright" width="300" caption="ဧပြီ ၆ ရက်​နေ့​က ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​စဉ်"][/caption]

ဒီနေ့ ထုတ်ပြန်တဲ့ ကရင်လူထုအသိုင်းအ၀ိုင်း (Karen people forum) ရဲ့ ထုတ်ပြန်ချက်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာပေါင်း ၃၀ ခန့်က ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး လက်ရှိ ကေအန်ယူနဲ့ အစိုးရကြားပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကရင်ပြည်နယ်မှာ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ပြုလုပ်နေတဲ့အပေါ် ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်လိုက်တာလို့ အဖွဲ့ရဲ့ ပြောခွင့်ရ စောဖိုးချိုက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး မခိုင်မာသေးတဲ့ကာလမှာ ဖွံ့ဖြိုးမှုစီမံကိန်းတွေ လုပ်ဆောင်ရင် သူတို့ရဲ့ လယ်ယာမြေ သိမ်းယူခံရမှာ၊ ပျက်စီးသွားမှာကို စိုးရိမ်ကြတယ်လို့ ကိုဖိုးချိုက ပြောပါတယ်။

“အပစ်ခတ်ရပ်စဲရေး ပြောနေတဲ့အတောအတွင်း၊ အပစ်အခတ်ရပ်စဲရေး အခိုင်အမာမရှိသေးတဲ့အချိန်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ စီးပွားရေးလုပ်ငန်းတို့ အကြီးစားလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီး ရပ်နားထားဖို့။ လူထုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မသိဘဲ ဟိုလာ ဒီလာ လယ်မြေတွေဆုံးရှုံးမှာ၊ နစ်နာကြေးမရမှာလည်း စိုးရိမ်ကြတယ်။ နေရာနဲ့ပတ်သက်ပြီး ရာဘာစိုက်ခင်းတို့၊ လမ်းဖောက်မှာတို့ အဲဒါ သူတို့လယ်မြေတွေကို အစိုးရဘက်ကလည်း သူတို့အတွက် ဥပဒေကြောင်းအရ တခုခု အာမခံချက်လေး လုပ်ပေးဖို့ပေါ့။”

ဒါ့အပြင် လက်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဟိုက်ကြီးရေကာတာစီမံကိန်းတွေကို တည်ဆောက်ဖို့ လုပ်နေတဲ့အတွက် ဒေသခံတွေအတွက် ဥပဒေအရ အကာအကွယ်ပေးမှုတွေ မရှိသေးသရွေ့ ရပ်ဆိုင်းထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

“ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက် ဟတ်ကြီးရေကာတာလည်း ပြန်လုပ်ဖို့ ပစ္စည်းပစ္စယတွေ ပြန်ပို့ထားတာတွေ၊ လမ်းဖောက်ရင်၊ မြို့သစ်တည်မှာတွေ လောလောဆယ် မလုပ်ဖို့၊ ပြန်စဉ်းစား ရပ်ဆိုင်းထားပေးဖို့။ လုပ်မယ်ဆိုသည့်တိုင်အောင် ဥပဒေကြောင်းအရ ရွာသားတွေပိုင်ဆိုင်မှု၊ ဆုံးရှုံးသွားတဲ့မြေတွေလျော်ကြေးရမယ့် ဥပဒေတွေရှိမှာသာ လုပ်ဖို့ပေါ့။ အစိုးရနဲ့ ကေအန်ယူ ငြိမ်းချမ်းရေးဘယ်အဆင့် ဘယ်အချိန်မှာမှ ယုံကြည်မှုတည်ဆောက်နိုင်မလဲ၊ ဘယ်အဆင့်ရောက်ပြီလဲ။ ငြိမ်းချမ်းရေးက တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရောက်တဲ့ အချိန်မှလုပ်ဖို့ပေါ့။”

သူတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ရပ်ဆိုင်းထားပြီး တိကျခိုင်မာတဲ့ စီးပွားရေးဥပဒေတရပ်ကို အလျင်မြန်ဆုံးပြုလုပ်ရမှာဖြစ်ပြီး သဘာဝနဲ့ လူ့အရင်းအမြစ်တွေကို အကာအကွယ်ပေးနိုင်တဲ့ အာမခံချက်တွေ ချမှတ်ထားပေးဖို့ တောင်းဆို ထားပါတယ်။
ဒါ့အပြင် စီးပွားရေးပေါ်လစီကို အခြခံပြီး လူထုအတွက်အကျိုးရှိ၊ ရေရှည်တည်တံ့ပြီး အကာအကွယ်ပေးတဲ့ ဥပဒေ တိတိကျကျရှိဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013