
တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝေဖုန်းဟဲနဲ့ လီရှန်းဖူတို့ကို လာဘ်စားမှုနဲ့ သေဒဏ် ချမှတ်လိုက်ပြီး ဆိုင်းငံ့ကာလ ၂ နှစ် သတ်မှတ်လိုက်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက မေ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလူ ၂ ယောက်ဟာ “စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၄ ခုနှစ်မှာ အာဏာရ ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါဟာ တရုတ်နိုင်ငံမှာတော့ လာဘ်ပေးလာဘ်ယူလုပ်တာကို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းလေ့ရှိတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။
လီရှန်းဖူဟာ လာဘ်ငွေအမြောက်အမြား လက်ခံခဲ့သလို တခြားသူတွေကိုလည်း လာဘ်ထိုးခဲ့တယ် လို့ သံသယရှိကြောင်း၊ ပြီးတော့ သူဟာ နိုင်ငံရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့ပြီး ကိုယ်ကျိုးနဲ့ တခြားသူတွေရဲ့ အကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ခဲ့တာကို စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရတယ်လို့ ဆင်ဟွာရဲ့ အရင်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ဝေဖုန်းဟဲအပေါ် စုံစမ်းစစ်ဆေးမှုမှာလည်း သူဟာ လာဘ်ငွေနဲ့ တန်ဖိုးကြီး ပစ္စည်းအမြောက်အမြားကို လက်ခံခဲ့ပြီး “ရာထူးနေရာ ချထားပေးမှုတွေမှာ တခြားသူတွေအတွက် မလျော်သြဇာ အကျိုးအမြတ်တွေရအောင် ကူညီပေးခဲ့တယ်” ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ၂၀၂၄ ခုနှစ်မှာ ဆင်ဟွာက သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့လုပ်ရပ်တွေဟာ “အလွန်ဆိုးရွားတဲ့ သဘောသဘာဝရှိပြီးတော့ ဆိုးကျိုးသက်ရောက်မှု ပြင်းထန်ပြီး ထိခိုက်နစ်နာမှု အလွန်ကြီးမားတယ်” လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ သေဒဏ်ကို ဆိုင်းငံ့ကာလနဲ့ ချမှတ်တာဟာ ပြစ်မှုကျူးလွန်သူက အဲဒီကာလအတွင်း နောက်ထပ် ပြစ်မှုထပ် မလုပ်ဘူးဆိုရင် များသောအားဖြင့် တသက်တကျွန်း ပြစ်ဒဏ်အဖြစ် လျှော့ပေါ့ ပေးလေ့ ရှိပါတယ်။
ဒါပေမဲ့ ဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးပြီးနောက်မှာ နောက်ထပ် ပြစ်ဒဏ်လျှော့ပေါ့ခွင့် ဒါမှမဟုတ် ခံဝန်နဲ့ လွတ်မြောက်ခွင့် မရှိဘဲ တသက်လုံး ထောင်ထဲမှာပဲ နေသွားရမယ်လို့ ဆင်ဟွာက ဆိုပါတယ်။
သမ္မတ ရှီကျင့်ဖျင် ၂၀၁၂ ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း အမိန့်ပေးခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်မှာ စစ်တပ်ဟာ အဓိကပစ်မှတ်တွေထဲက တခု ဖြစ်လာခဲ့ပါတယ်။
ဒီအရေးယူမှုတွေဟာ ၂၀၂၃ ခုနှစ်မှာ နျူကလီးယားနဲ့ ဒုံးကျည်တပ်ဖွဲ့တွေကို ကိုင်တွယ်ရတဲ့ ထိပ်သီး “ဒုံးကျည်တပ်ဖွဲ့” အထိ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာ အခြေအနေတွေက ပိုတင်းမာလာခဲ့ပြီး ရှီကျင့်ဖျင်ရဲ့ မဟာမိတ်လို့ ကာလ ရှည်ကြာ သတ်မှတ်ခံထားရတဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ထိပ်သီး ဗိုလ်ချုပ်ကြီး ကျန်းယို့ရှာလည်း ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ လက်ရှိ စစ်တပ်အတွင်း အဂတိလိုက်စားမှု အရေးယူ ရှင်းလင်းမှုတွေကြောင့် ကွပ်ကဲမှုစနစ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်နေပြီး လျင်လျင်မြန်မြန် ခေတ်မီအောင် တည်ဆောက် နေတဲ့ တပ်မတော်ရဲ့ အသင့်ဖြစ်မှု အခြေအနေကိုလည်း ဟန့်တားနှောင့်နှေးစေနိုင်တယ်လို့ မဟာဗျူဟာလေ့လာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာအင်စတီကျု (IISS) က ဒီနှစ်ထဲမှာ ပြောကြား ခဲ့ပါတယ်။
Source: Reuters










