DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ လူမှုဖူလုံရေးနှင့် ကျန်းမာရေး ခံစားခွင့်မရသူ များပြား
DVB
·
November 6, 2012
မြန်မာအလုပ်သမားများ လူမှုဖူလုံရေးနှင့် ကျန်းမာရေး ခံစားခွင့်မရသူ များပြား
Donate to DVB

ထိုင်းနိုင်ငံရောက် တရားဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေး ရမယ်လို့ စည်းမျဉ်း သတ်မှတ်ချက် ရှိပေမယ့် လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ခံစားခွင့်တွေ မရသူ များနေပါတယ်။

[caption id="attachment_32718" align="alignright" width="300" caption="မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ စံခလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ)"][/caption]

စစ်တမ်းအရ တရားဝင်ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးမှာ တဦးနှုန်းပဲ ကျန်းမာရေး ခံစားခွင့်တွေ ရတယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ဒီနေ့ဆိုရင် တနိုင်ငံလုံးမှာ ၁ သန်း ၃ သိန်းလောက် တရားဝင်အလုပ်သမားတွေဖြစ်နေပြီ။ ထိုင်းအစိုးရ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ ထိုင်းနိုင်ငံသား နည်းတူ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ရှိရမယ်ဆိုတဲ့ ဥပဒေပါတယ်။ ကျနော်လည်းလေးစားစွာ လိုက်နာတယ်။ ကြိုလည်း ကြိုဆိုတယ်။ သို့သော်လည်း ၁ သန်း ၃ သိန်းမျှသော မြန်မာနိုင်ငံသားများ မှတ်ပုံတင်အပြီးမှာ ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်၊ ပကန်စခွန်လို့ခေါ်တဲ့ လူမှုဖူလုံရေးအသင်းကို ၀င်နိုင်ခဲ့တဲ့ လုပ်သားဦးရေဟာ တနိုင်ငံလုံးမှာ လူ ၁ သိန်းကျော်ကျော်ပဲရှိသေးတယ်။”

ဝန်ကြီးချုပ် သက်ဆင်လက်ထက်က စတင် အသက်ဝင်တဲ့ ဥပဒေအရ ထိုင်းလုပ်သားတွေအတွက် ဘတ်ငွေ ၁၉၀၀ နဲ့ ကျန်းမာရေး အာမခံ လုပ်ထားရင် ဆေးရုံမှာ ဘတ်ငွေ ၃၀ နဲ့ ဆေးကုသခွင့် ရနေတာပါ။

ဒီအခွင့်အရေးအတွက် အလုပ်ရှင်တွေက တာဝန်ယူ စီစဉ်ပေးရမှာ ဖြစ်ပေမယ့် မလုပ်ပေးတဲ့ အလုပ်ရှင်တွေ များနေတာကြောင့် တရားဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစု ကျန်းမာရေး ခံစားခွင့်တွေ နစ်နာနေရတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ခင်ပွန်းသည် ဓာတ်လိုက်ခံရပြီး ဆေးရုံပေါ်မှာ ၇ ရက်နေပြီး သေဆုံးခဲ့တဲ့အတွက် အခက်အခဲတွေ့ရပုံကို ကျန်ရစ်သူ မနွယ်နီစန်းက ပြောပြပါတယ်။

“ဆေးရုံစရိတ်တွေကို ၄ သောင်းလောက်ပေးထားရတယ်။  ကျန်တဲ့ ၇ သောင်းကိုတော့ ဆရာဝန်က သူဌေးကို ပြောလို့ရရင်လည်း ရ မရရင်လည်း တရားဥပဒေအရ တိုင်မယ်ပေါ့။ ဆရာဝန်ကလည်း ၁ လ ၅၀၀၀ တတ်နိုင်ရင် ၅၀၀၀၊ ၁ သောင်း တတ်နိုင်ရင် ၁ သောင်းပေါ့။ ဒါပေမယ့် သူဌေးက လုံးဝဆက်သွယ်လို့မရသေးဘူး။”

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် နိုင်ငံတကာ ဖိအားတွေကြောင့် ကလေးလုပ်သား သုံးစွဲမှု လျော့နည်း ပပျောက်တာက လွဲရင် တခြား အခွင့်အရေးတွေကတော့ ထိုင်းဥပဒေရဲ့ ကာကွယ်မှုကိုရတာ အင်မတန် နည်းနေသေးတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဗဟိုအစိုးရက နိုင်ငံတကာ အလယ်မှာ ကတိတွေ အထပ်ထပ် ပေးခဲ့ဖူးပေမယ့် ခရိုင်နဲ့ မြို့နယ်အဆင့် အစိုးရတွေလက်ထဲမှာတော့ ကျင့်သုံးမှု အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအတွင်း ၄ နှစ်လောက် နေခဲ့ပြီး မြန်မာနိုင်ငံ ရှေ့နေများအသင်းနဲ့ လက်တွဲဆောင်ရွက်ဖူးသူ ဟောင်ကောင်တက္ကသိုလ်က ရှေ့နေ (မဟာတန်း) တက်ရောက်နေတဲ့ ကျောင်းသား ပီတာ မောရစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒေသခံ အစိုးရက အားကောင်းတာမို့ ဗဟိုအစိုးရနဲ့ ဆောင်ရွက်ရုံနဲ့တင် မပြီးမြောက်ဘဲ ဒေသခံ အောက်ခြေအစိုးရနဲ့ပါ ဆက်ဆံရေးကောင်းမှ ထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ် လူဦးရေနဲ့ လူမှုရေး သုတေသနဌာန ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဌာနခွဲရဲ့ သုတေသန ပညာရှင် မစ်စတာ အန်ဒီဟောရဲ့ အဆိုအရ မြန်မာနိုင်ငံသား ၆ သန်းကျော်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရွှေ့ပြောင်း နေထိုင်နေကြပြီး ၂ သန်းခွဲ ကျော်ကတော့ ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013